DVB Logo
Home
မြန်မာသတင်း
ရန်ကုန်နှင့် မန္တလေးတွင် စစ်ဘေးရှောင် ပိုများလာပြီး အိမ်ငှားရခက်ခဲ၊ ဧည့်စာရင်း တင်းကျပ် စစ်ဆေး
DVB
·
August 13, 2024
ရန်ကုန်နှင့် မန္တလေးတွင် စစ်ဘေးရှောင် ပိုများလာပြီး အိမ်ငှားရခက်ခဲ၊ ဧည့်စာရင်း တင်းကျပ် စစ်ဆေး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အထက်ပိုင်းက တိုက်ပွဲတွေကြောင့် ရန်ကုန်နဲ့ မန္တလေးမြို့မှာ စစ်ဘေးတိမ်းရှောင်သူတွေ ပိုများလာပြီး အိမ်ငှားရ ခက်ခဲလာသလို၊ ဧည့်စာရင်း တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေလည်း ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြင်ဦးလွင်နဲ့ မန္တလေးအထိ နီးကပ်လာတဲ့ စစ်ရေးသတင်းတွေကြောင့် အဲဒီဒေသက ငွေကြေးတတ်နိုင်တဲ့သူတွေ၊ စစ်တပ်နဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်းတွေနဲ့ မြို့ခံအချို့ ရန်ကုန်နဲ့ မန္တလေးမြို့တွေကို စစ်ဘေး တိမ်းရှောင် ပြောင်းရွှေ့လာကြပါတယ်။

အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းနဲ့ ပြင်ဦးလွင်ဒေသက လူတွေက မန္တလေးဘက်နဲ့ ရန်ကုန်ကို အဓိက စစ်ဘေးတိမ်းရှောင်ကြပြီး၊ ရှမ်းမြောက်၊ ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်းက ဒေသခံတချို့ကတော့ ရန်ကုန်မြို့ကို စစ်ဘေးရှောင်လာကြတယ်လို့ ဆိုပါတယ်။

ရန်ကုန်မှာတော့ ပြီးခဲ့တဲ့ ဇွန်လလောက်ကတည်းက စစ်ဘေးတိမ်းရှောင်လာသူတွေ ရောက်ရှိလာခဲ့ပြီး အိမ်ငှားခတွေကလည်း ၂ ဆကနေ ၃ ဆလောက်အထိ တက်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မြို့ နေထိုင်သူတဦးက “စစ်ရှောင်တဲ့သူတွေကတော့ ရန်ကုန်မှာလည်း အနေအထား တခုအနေနဲ့ ပိုပြီးများလာတယ်။ အိမ်ငှားခကတော့ ဈေးတက်တယ်။ အရင်က ကျပ် ၄ သိန်း၊ ၅ သိန်း အိမ်းငှားခတွေက အခုဆို ကျပ်  ၈ သိန်းလောက်အထိ ကြားရတယ်။ ဧည့်စာရင်းကတော့ တိုင်ရတယ်။ ဧည့်စာရင်း စစ်စစ်၊ မစစ်စစ် ဧည့်စာရင်းလာစစ်တဲ့အချိန် ဒီလူက စာရင်းထဲမှာ မပါရင် ဒဏ်ငွေဆောင်ရတာတွေ၊ ရုံးခေါ်သွားတာတွေ ရှိတော့ ဧည့်စာရင်းကတော့ တိုင်ကြားနေရတယ်။ ဘာပဲပြောပြော ရန်ကုန်မှာတော့ အိမ်ခြံမြေ အငှားဈေးကွက်၊ အရောင်းဈေးကွက်က ဒီထက်ပိုပြီး တက်မယ်။ ဒီထပ်ပိုပြီး ကျပ်မယ် ငှားရခက်မယ်ဆိုတဲ့ အနေအထားက ပိုဖြစ်လာတာပေါ့”လို့ ပြောပါတယ်။

ရန်ကုန်မှာ စစ်ဘေးရှောင် ပြည်သူများပြားလာနဲ့အတူ စစ်ကောင်စီကလည်း ဧည့်စာရင်း စစ်တာတွေ ပိုလုပ်လာပါတယ်။

အထူးသဖြင့် တိုက်ပွဲ ဖြစ်ပွားရာ မြို့တွေကနေ စစ်ရှောင်လာသူတွေဆိုရင် ရပ်ကွက်၊ ရဲစခန်း ထောက်ခံစာတွေ မပါတာကြောင့် ဒဏ်ကြေးပေးဆောင်ရတာတွေ၊ အိမ်ရှင်တွေက အိမ်ငှားမပေးတာတွေ ကြုံရတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

ဒါ့အပြင် အိမ်ပိုင်ရှင်တွေအနေနဲ့လည်း အိမ်ငှားပေးမယ့်သူတွေရဲ့ အချက်အလက်တွေကို တောင်းယူထားပြီး အုပ်ချုပ်ရေးမှူးဆီမှာ ဧည့်စာရင်းတိုင်ကြားတဲ့အခါ အိမ်ငှားတွေဟာ နိုင်ငံရေးနဲ့ ကင်းလွတ်ကြောင်း ထောက်ခံပေးရတာမျိုး ရှိတယ်လို့လည်း ဆိုပါတယ်။

တိုက်ခန်းပိုင်ရှင် တဦးက “အိမ်ငှားရ ခက်ခဲလားဆိုရင် အခုကာလက ခက်ခဲတယ်။ ဘာလို့လဲဆိုရင် အိမ်ငှားလိုက်ပြီဆိုရင် ရပ်ကွက် အုပ်ချုပ်ရေးမှူးဆီမှာ ဧည့်စာရင်း တိုင်ရတယ်။ အိမ်ရှင်ရဲ့ ထောက်ခံစာ လုပ်ရတယ်။ အဲဒီလူက နယ်ကဆိုရင် အိမ်ထောင်စုစာရင်း သေချာကြည့်တယ်။ ဥပမာ- ကိုယ်က သာကေတ ၇ ရပ်ကွက်မှာ နေတာဆိုရင် အုပ်ချုပ်ရေးမှူးဆီမှာ လက်မှတ်တွေ ဘာတွေ ထိုးထား၊ လုပ်ထားရတယ်။ မလုပ်လို့ မရဘူး။ သူတို့က ဟိုဆွဲ ဒီဆွဲတွေ ရှိတယ်။ အဲဒီတော့ ငှားမယ်ဆိုရင် နည်းနည်းတော့ ခက်တယ်။ နိုင်ငံရေးကိစ္စတွေ ပါဝင်ဖူးသူ ဆိုရင် ငှားရ ခက်ပါတယ်”လို့ ပြောပါတယ်။

မန္တလေးမြို့မှာလည်း စစ်ရှောင်အရေအတွက် များလာတဲ့အတွက် အိမ်ငှားရ ခက်ခဲနေတယ်လို့ ဆိုပါတယ်။ မတ္တရာ၊ မိုးကုတ်၊ မြင်းခြံ၊ တောင်သာ စတဲ့ မြို့နယ်တွေက ပြောင်းရွှေ့လာကြသူတွေ များပြီး အချို့တွေက ဆွေမျိုးနီးစပ်ရာနဲ့ အချို့သူတွေကတော့ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်နေထိုင်ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေး ဒေသခံတဦးက “ဧည့်စာရင်းစစ်တာ မှတ်ပုံတင်တွေရော၊ လူတွေရော ဓာတ်ပုံ ရိုက်တယ်လို့ သိရတယ်။ တချို့ကတော့ ဦးပဉ္စင်းတွေက ကျောင်းထဲမှာ မနေနဲ့။ အပြင်မှာ ထွက်နေလို့ ပြောတယ်။ တချို့တဝက်ကတော့ အပြင်မှာ ထွက်နေကြတာ ရှိတယ်။ ရှောင်လွှဲလို့ မရတဲ့ကိစ္စမို့ အကောင်းဆုံး အတတ်နိုင်ဆုံး ကျော်ဖြတ်နိုင်ဖို့ပဲ ကြိုးစားတယ်။ စစ်ကူးလာရင်တော့ ဘေးကင်းအောင် အတတ်နိုင်ဆုံး နေကြရမှာပေါ့။ အားလုံး စည်းစည်းလုံးလုံးနဲ့ ကျော်ဖြတ်နိုင်မယ်လို့ပဲ ယုံကြည်ပါတယ်”လို့ ပြောပါတယ်။

အခုအခါ ရန်ကုန်ကို စစ်ဘေးရှောင်ကြသူတွေ များလာသလို ဧည့်စာရင်းစစ်တာတွေလည်း ပိုလုပ်လာတာကြောင့် အိမ်ရှင်တွေက စစ်ရှောင်တွေကို လက်မခံရဲကြသလို၊ အဆောင်တွေကလည်း စစ်ရှောင်တွေကို လက်မခံတဲ့ ကန့်သတ်မှုတွေ လုပ်လာတယ်လို့ သိရပါတယ်။

မန္တလေးမှာတော့ အိမ်ငှားခ ဈေးနှုန်းတွေက ကျပ် ၂ သိန်း၊ ၃ သိန်းဝန်းကျင်ကစလို့ ၄ သိန်းကနေ ၅ သိန်းလောက်အထိ ဈေးတက်သွားတယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာလည်း သြဂုတ်လ ပထမပတ်က စတင်ကာ တချို့နေရာတွေမှာ ဧည့်စာရင်း စစ်ဆေးတာတွေ ရှိတယ်လို့ မြို့ခံတွေ က ပြောပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013