DVB Logo
Home
မြန်မာသတင်း
တရုတ်အထူးကိုယ်စားလှယ်နှင့် စစ်ခေါင်းဆောင် တွေ့ဆုံဆွေးနွေးမှု အဆင်မပြေ
DVB
·
August 12, 2024
တရုတ်အထူးကိုယ်စားလှယ်နှင့် စစ်ခေါင်းဆောင် တွေ့ဆုံဆွေးနွေးမှု အဆင်မပြေ
Donate to DVB

တရုတ်နယ်စပ်ကနေ လက်နက်ခဲယမ်း ဝင်ရောက်မှုနဲ့ တိုင်းရင်းသားဒေသတချို့မှာ ရှိနေတဲ့ လက်နက်ခဲယမ်းစက်ရုံတွေကို ထိန်းချုပ်ပေးဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပြီး နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှု အဆင်မပြေခဲ့ဘူးလို့ အဲဒီဆွေးနွေးမှုအကြောင်း သိရှိသူက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေ အသုံးပြုခဲ့တဲ့ လက်နက်ခဲယမ်းတွေထဲမှာ တရုတ်နိုင်ငံက ပေးထားတဲ့ လက်နက်ခဲယမ်းတွေ ပါနေတာကြောင့် တရုတ်နိုင်ငံရဲ့ သဘောထား ရပ်တည်ချက်အပေါ် စစ်ခေါင်းဆောင်က တရုတ်အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ မေးခွန်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ်နယ်စပ်မှာ ရှိနေတဲ့ လက်နက်ခဲယမ်းစက်ရုံတွေကို လည်ပတ်နိုင်မှုမရှိအောင် ကုန်ကြမ်းဝင်ရောက်မှုတွေကိုပါ ထိန်းချုပ်ပေးဖို့ ပြောဆိုခဲ့တယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေနဲ့ အဲဒီဆွေးနွေးမှုအကြောင်းကို သိရှိထားတဲ့ DVB သတင်းဌာနရဲ့ သတင်းအရင်းအမြစ်တချို့က ပြောပါတယ်။

တရုတ်နိုင်ငံဘက်ကလည်း မြန်မာနိုင်ငံထဲမှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအပေါ် အာဏာသိမ်းစစ်တပ်က ကာကွယ်ပေးနိုင်မှု မရှိတော့တာကြောင့် တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ပြီး တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ဖို့ ပြောဆိုခဲ့ပေမဲ့ အခုတခေါက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ဟာ အရင်တွေ့ဆုံမှုတွေလောက် အဆင်မပြေခဲ့ဘူးလို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်နဲ့ မတွေ့ဆုံခင် ရုပ်မြင်သံကြားကနေ ပြောဆိုခဲ့တဲ့ မိန့်ခွန်းမှာလည်း တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေဟာ လက်နက်ခဲယမ်းမီးကျောက်စက်ရုံတွေကို တည်ထောင်ပြီး လက်နက်ခဲယမ်းတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ထုတ်လုပ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီစက်ရုံတွေ လည်ပတ်နိုင်ဖို့အတွက် ငွေကြေးအင်အား နည်းပညာအင်အားများစွာ လိုအပ်တာကြောင့် ဒါတွေကို ဘယ်ကနေရသလဲ ဆိုတာကို ဆန်းစစ်ဖို့လိုသလို လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေနဲ့ တပ်စခန်းအများအပြား ဆုံးရှုံးရတဲ့ အခြေအနေဟာ တရုတ်နိုင်ငံက ပါဝင်ပတ်သက်မှု ရှိနေတယ်လို့ စစ်ခေါင်းဆောင်က သွယ်ဝိုက် ပြောဆိုခဲ့ပါတယ်။

အဲဒီအပြင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးပြီး နောက်ပိုင်း တရုတ်နိုင်ငံရဲ့ ကူညီမှုနဲ့ ဆွေးနွေးခဲ့တဲ့ ဟိုက်ဂင် သဘောတူညီမှုကို စစ်ကောင်စီဘက်က မတက်တာဟာ တရုတ်နိုင်ငံက ငြိမ်းချမ်းရေးအတွက် တိုက်ပွဲတွေ ရပ်တန့်ဖို့ နှစ်ဖက်တပ်တွေ ရောက်တဲ့နေရာမှာ ရပ်ရမယ်ဆိုတဲ့ ဆွေးနွေးလာမှုမျိုးကို စစ်တပ်ဘက်က မလိုလားတာကြောင့် တက်ရောက်ဖို့ ငြင်းဆန်ခဲ့တာလို့ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ရော အာဏာသိမ်းစစ်တပ် အသိုင်းအဝိုင်းနဲ့ပါ နီးစပ်သူတဦးက ပြောပါတယ်။

အရင်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ် ရှိနေစဉ် အတွင်းမှာရော ရှိပြီးနောက်ပိုင်းမှာပါ စစ်တပ်နဲ့ မြောက်ပိုင်းညီနောင်အဖွဲ့တွေရဲ့ တိုက်ပွဲတွေဟာ ရပ်တန့်သွားခဲ့ပေမဲ့ ဒီတခေါက် ခရီးစဉ်နောက်ပိုင်းမှာတော့ တိုက်ပွဲတွေဟာ ရပ်တန့်သွားခြင်းမရှိဘဲ မြို့တွေသိမ်းပိုက်တဲ့အထိ တိုက်ပွဲတွေက ပြင်းထန်ခဲ့တာကြောင့် ဒီတခေါက် တရုတ်အထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ အဆင်ပြေမှုမရှိခဲ့ဘူးလို့ သုံးသပ်နိုင်တဲ့အကြောင်း ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ မန္တလေးတိုင်းအထိပါ ရောက်ရှိလာတဲ့အချိန်မှာ စစ်ခေါင်းဆောင်က တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေး အစွန်းရောက်သူတွေကို တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို လုပ်ခိုင်းပြီး ရှမ်းပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ တရုတ်နိုင်ငံရဲ့ ကူညီမှုကြောင့်ဆိုတဲ့ သတင်းစကားတွေကို တပ်ထောက်ခံသူတွေက လူမှုကွန်ရက်မှာ ဝါဒဖြန့်မှုတွေ ရှိလာပါတယ်။

လက်ရှိအချိန်မှာတော့ တော်လှန်ရေးအင်အားစုတွေဟာ မြန်မာနိုင်ငံထဲမှာရှိနေတဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ဧရိယာတွေကိုပါ ထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမဲ့ တရုတ်နိုင်ငံဟာ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုတွေကို နောက်ဆုံးအချိန် ရောက်တဲ့အခါမှသာ ထိတွေ့ဆက်ဆံမယ့်သဘောမျိုး တွေ့ရတယ်လို့ ချင်းညီနောင်မဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က သုံးသပ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်နဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အွန်လိုင်းလောင်းကစား ပပျောက်ရေးနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်သလို တရုတ်နိုင်ငံဘက်ကလည်း မြန်မာနိုင်ငံက အဖွဲ့အစည်းအသီးသီးကို အပစ်အခတ်ရပ်စဲဖို့ တရုတ်အစိုးရက ဖျောင်းဖျနေတယ်လို့ ပြောဆိုပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်ကိုယ်စားလှယ်တို့ ဩဂုတ် ၈ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ သံတမန်ဆက်ဆံရေး၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။

အောင်သူ

Photo- CINCDS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013