DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် စစ်ယာဥ်တန်း၊ တောင်သာ ဓာတ်အားခွဲရုံစခန်းနှင့် ချောက်ပျူစခန်း တိုက်ခိုက်ခံရ
DVB
·
August 12, 2024
ပခုက္ကူတွင် စစ်ယာဥ်တန်း၊ တောင်သာ ဓာတ်အားခွဲရုံစခန်းနှင့် ချောက်ပျူစခန်း တိုက်ခိုက်ခံရ
1 / 3
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းကို သြဂုတ် ၁၀ ရက်နေ့၊ နေ့လယ် ၁ နာရီ၀န်းကျင်က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၂၀ ကျော် သေဆုံးပြီး ၅ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Southern YSO PDF ဆီကနေ သိရပါတယ်။

Southern YSO PDF ရဲ့ တာ၀န်ခံတဦးက “ပခုက္ကူဘက်ကနေ ရေစကြိုမြို့ဘက်ကို ထွက်လာတဲ့ ၃ စီးတွဲ စစ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ ဒုတိယမြောက်ကားနဲ့ တတိယမြောက်ကားကတော့ သုံးလို့မရအောင်ကို ပျက်စီးသွားတယ်။ ကား ၂ စီးပေါ် ပါလာတဲ့ ကောင်တွေ ၂၀ ကျော်လောက် သေကုန်တယ်ဗျ” လို့ DVB ကို ပြောပါတယ်။

စစ်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်မှုကနေ ရဲတပ်ဖွဲ့၀င် ၂ ဦးနဲ့ ပြည်သူ့စစ်အဖွဲ့၀င် ပျူစောထီး ၂ ဦးကို အရှင်ဖမ်းမိခဲ့ပြီး စစ်သုံ့ပန်းဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကြားဖြတ်တိုက်ခိုက်မှုအတွင်းကနေ G3 သေနတ် ၄ လက်၊ G3 ကျည်အတောင့် ၃၀၀ နဲ့ ကာဘိုင်ကျည်အတောင့် ၅၀၀ တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

“ညဦးပိုင်းမှာလည်း ရေစကြို ခလရ ၂၅၈ တပ်ရင်းထဲကနေ အိမ်စီးကားနဲ့ထွက်လာတဲ့ ကောင်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီမှာလည်း စစ်သား ၂ ယောက် သေတယ်။ လက်နက်တွေတော့ သိမ်းဆည်းရခဲ့တာမရှိပါဘူး” လို့ Southern YSO PDF ရဲ့ စစ်ဆင်ရေးတာ၀န်ခံက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို “နတ်မိချောင်းစစ်ဆင်ရေးစစ်ကြောင်း” က ဦးစီးပြီး Southern YSO PDF၊ BNRA၊ မြိုင် ပကဖ၊ ပြည်သူ့အားမာန်၊ MVP၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဝဲလောင်ရွာ၊ လျှပ်စစ်ဓာတ်အားခွဲရုံအနီးက စစ်ကောင်စီစခန်း သိမ်းပိုက်နိုင်ပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဩဂုတ် ၁၀ ရက်နေ့ မနက် ၅ နာရီ ၃၀ မှာ ဝဲလောင်ရွာ လျှပ်စစ်ဓာတ်အားခွဲရုံစောင့် စစ်ကောင်စီတပ်ရဲ့ တောင်သာ-ကျောက်ပန်းတောင်းလမ်းပိုင်း စိုးမိုးရေး အထိုင်ချထားတဲ့ စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲအတွင်း အင်အား ၂၀ ကျော်ရှိတဲ့ စစ်စခန်းမှ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ကျန်တဲ့ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အတွက် စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ G2 သေနတ် ၁ လက်၊ M1 ကာဘိုင် သေနတ် ၁ လက်၊ ပွိုင့် ၂၂ သေနတ်တလက်နဲ့ အခြားခဲယမ်းအချို့အား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Myingyan Black Tiger MBT တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက “သေဆုံးတာကတော့ ကျနော်တို့ မျက်မြင်ပါ။ အင်အားကတော့ ခန့်မှန်းခြေ ၂၀ ဝန်းကျင်တော့ရှိတယ်။ ထိတွေ့ချိန်ကတော့ နာရီဝက်ကနေ ၄၅ မိနစ်အကြား ကြာခဲ့ပါတယ်။ စကစဘက်က စစ်သားတွေ ထွက်ပြေးသွားတာမလို့ သူတို့ဘန်ကာတွေကို မီးရှို့ဖျက်ဆီးပြီး ပြန်ဆုတ်ခဲ့ပါတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) မြင်းခြံခရိုင် တပ်ရင်း (၉)၊ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.ကဖ)၊ နေပြည်တော်တပ်ရင်း(၈၀၁)၊ တောင်သာမြို့နယ် ပြည်သူ့လုံခြုံ‌ရေးအဖွဲ့ (ပလဖ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မြင်းခြံခရိုင်အတွင်းက မြင်းခြံ-နွားထိုးကြီး၊ မြင်းခြံ-တောင်သာ စတဲ့ လမ်းတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် အရပ်သားပြည်သူတွေ သွားလာခြင်းမပြုဖို့ မြင်းခြံခရိုင်အခြေစိုက် တပ်ရင်းတွေက ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဆားလယ်ကျေးရွာက ပျူစောထီးစခန်းကို ဩဂုတ် ၁၀ ရက်၊ နေ့လယ် ၂ နာရီ၀န်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ OAK AWE UG ရဲ့ တာ၀န်ခံတဦးက ပြောပါတယ်။ 

“၁ နာရီနီးပါးလောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်တယ်။ ပျူစောထီး ၂ ဦး သေတယ်။ ကျန်တဲ့ ပျူတွေကတော့ စက်လှေတွေနဲ့ ထွက်ပြေးသွား​ကြတယ်။ ကျနော်တို့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ကြီးကြီးမားမား ဒဏ်ရာရရှိသူ မရှိခဲ့ပါဘူး။” 

အဆိုပါ တိုက်ခိုက်မှုကနေ ကာဘိုင်သေနတ် ၂ လက်၊ Honda Civic ကား ၁ စီး၊ ဆိုင်ကယ် ၂ စီး၊ ကာဘိုင်ကျည် အတောင့် ၁၂၀၊ ကာဘိုင်ကျည်ဘောက် ၃ ခု၊ ကပစ ထုတ် ၁၂ ကျည် ၁၄ တောင့်၊ AK ကျည်ဘောက် ၂ ခု၊ 7.62 ကျည် အတောင့် ၄၀ တို့ သိမ်းဆည်းရရှိခဲ့​တယ်လို့ ဆိုပါတယ်။

OAK AWE UG ရဲ့ စစ်ဆင်ရေးတာ၀န်ခံက “နာမည်ကြီးနေတဲ့ ပျူခေါင်းဆောင် အောင်မျိုးမင်း အိမ်က ပျူစောထီးစခန်းကို ၀င်စီးခဲ့တာပါ။ အဲဒီရွာသားတွေက စစ်တပ်ထောက်ခံတဲ့ရွာဆိုပေမဲ့ ပျူရွာရယ်လို့တော့ မဖြစ်သေးဘူး။ အခုတော့ ရွာကို အချိန်မီထိန်းသိမ်းလိုက်နိုင်တာပေါ့ဗျာ” လို့ ပြောပါတယ်။

အဆိုပါ တိုက်ခိုက်ခိုက်မှုကို မကွေးခရိုင် (ပ.က.ဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ချောက်မြို့နယ် (ပ.က.ဖ)၊ Chauk Guerrilla force (C.G.F)၊ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့၊ Chauk Revolution Army၊ Oak Awe (UG)၊ Bagan Bo Cho၊ Burma Ranger Revolution၊ YRF တပ်ရင်း ၁၂၊ မင်းသားကြီးတပ်ဖွဲ့၊ Yenathar Youth Force နဲ့ Kyaukpadaung special Defense Force မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ စုပေါင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013