DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်က တိုက်ပွဲတွင် စစ်သား ၃ ဦးသေ၊ ချောက်တွင် စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်
DVB
·
August 11, 2024
ဆီဆိုင်က တိုက်ပွဲတွင် စစ်သား ၃ ဦးသေ၊ ချောက်တွင် စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့က တောင်ရှေ့ကျေးရွာအုပ်စု တိုက်ပွဲမှာ စစ်တပ်ဘက်က ၃ ယောက် သေဆုံး၊ သုံ့ပန်း ၁ ယောက်ဖမ်းဆီးမိပြီး မကွေးတိုင်း၊ ချောက်မြို့နယ်မှာလည်း စစ်ကောင်စီနဲ့ ပျူစောထီးတို့ရဲ့ အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ဆီဆိုင်မြို့အရှေ့ဘက်က တောင်ရှေ့ကျေးရွာအုပ်စုမှာ ဩဂုတ် ၁၀ ရက်နေ့က စစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ခဲ့ပြီး သေဆုံးသွားတဲ့ စစ်သားအလောင်း ၃ လောင်းကို သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ဆီက သိရပါတယ်။

PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “ဖမ်းမိတဲ့စစ်သုံ့ပန်းက ရွှေဘိုမှာ ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ပြီးနောက် ဆီဆိုင်ကို အပို့ခံရတာ ၁ လ မပြည့်သေးဘူးလို့ ထွက်ဆိုပါတယ်။ ပြောရရင် ဒါက အာဏာရူးမင်းအောင်လှိုင်က ပြည်သူကို သေတွင်းပို့တာနဲ့ အတူတူပဲ။ ဒီလို သေတွင်းပို့နေချိန် မသေချင်ဘူးဆိုရင် ကိုယ်က ပါးနပ်မှရမယ်။ လိမ္မာမှရမယ်။ အတင်းခေါ်လို့ ပါသွားတာပဲဖြစ်ဖြစ်၊ ပေါ်တာဆွဲလို့ ပါသွားတာပဲဖြစ်ဖြစ် ရှေ့တန်းပို့ခံရတဲ့ချိန်မှာ တော်လှန်ရေးအဖွဲ့နဲ့ ကြိုးစားဆက်သွယ်ပါ။ ပြီးမှ ဘက်ပြောင်းခိုလှုံဖို့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်အသက်ကို တန်ဖိုးထားရင် ကိုယ့်ရဲ့မိသားစုကို တန်ဖိုးထားတယ်ဆိုရင် အဓမ္မဘက်ကို စွန့်ခွာပြီး ဓမ္မဘက်ကို ပြောင်းလဲရပ်တည်ဖို့ပြောချင်ပါတယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲကနေ MA သေနတ် ၁ လက်နဲ့ ဒရုန်း ၁ စင်းကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်ကဖြစ်တဲ့ ဆီဆိုင်မြို့နယ်၊ လွယ်ထွယ်ရွာအနီးက တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဘက်က ၁၀ ယောက် သေဆုံးတယ်လို့  PNLA ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေဟာ သြဂုတ် ၃ ရက်နေ့ကစပြီး ဆီဆိုင်မြို့အရှေ့ဘက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သတိဝီရိယနဲ့ သွားလာနေထိုင်ကြဖို့လည်း PNLA က အထူးသတိပေး တိုက်တွန်းထားပါတယ်။

မကွေးတိုင်း၊ ချောက်မြို့နယ်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ဩဂုတ် ၁၀ ရက်နေ့ မွန်းလွဲပိုင်းမှာ ဆားလည်ကျေးရွာက စစ်ကောင်စီအထိုင်ချတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး ၄၅ မိနစ်အတွင်း သိမ်းပိုက်နိုင်ခဲ့သလို သေနတ် ၂ လက်၊ ကား ၁ စီးနဲ့ ဆိုင်ကယ် ၂ စီးတို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ Chauk Guerrilla Force ဆီက သိရပါတယ်။

Chauk Guerrilla Force က ဗိုလ်ပေတ က “ပျူတွေစခန်းထိုင်ဖို့ စစ်တပ်က စည်းရုံးရေး လုပ်နေတဲ့စခန်းပါ။ နေ့ဘက်တွေမှာ ကင်းမစောင့်ဘူး။ ညဘက်တွေမှာ စခန်းထဲ မူးရူး သောက်စားနေတဲ့ စခန်းမျိုးပါ။ သေဆုံးအလောင်း ရတာမျိုးတော့မရှိဘူး။ ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတာမျိုးတွေတော့ တွေ့လိုက်ရတယ်။ ကျနော်တို့ လိုက်တော့လိုက်တယ်။ မမီလိုက်ဘူး ဖြစ်သွားတယ်” လို့ ပြောပါတယ်။

အဲဒီစခန်းမှာ ဘန်ကာက ၃ ခုလောက်နဲ့ အင်အား ၃၀ လောက်ရှိမယ်လို့လည်း  သူက ဆက်ပြောပါတယ်။

ဆားလည်ကျေးရွာစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေက စစ်ဆေးရေးလုပ်ခဲ့ပြီး စစ်ကူလာမယ့် အခြေအနေနဲ့ နယ်မြေစိုးမိုးနိုင်မယ့်အင်အား မရှိသေးတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲကို Chauk Guerrilla Force၊ မကွေးခရိုင် (ပကဖ)၊ ချောက်(ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ YRF တပ်ရင်း ၁၂၊ Chauk Revolution Army၊ အာဠာဝက ပြောက်ကျားတပ်ဖွဲ့၊ Yananther Youth Force၊ ပုဂံဗိုလ်ချို၊ Burma Revolution Ranger၊ Oak Awe UG၊ Kyauk Padaung Special Defense Force မင်းသားကြီးတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013