DVB Logo
Home
မြန်မာသတင်း
နွားထိုးကြီးမြို့ပေါ်က စစ်သားများတိုက်ခိုက်ခံရ၊ PDF ၁ ဦးကျဆုံး
DVB
·
August 11, 2024
နွားထိုးကြီးမြို့ပေါ်က စစ်သားများတိုက်ခိုက်ခံရ၊ PDF ၁ ဦးကျဆုံး
Donate to DVB

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို သြဂုတ် ၁၀ ရက်နေ့၊ မနက် ၅ နာရီဝန်းကျင်ကစလို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က အထိနာတာကြောင့် ရဟတ်ယာဉ်နဲ့ လာရောက်တိုက်ခိုက်တယ်လို့ နွားထိုးကြီး ပကဖ နဲ့ မြို့ခံတွေဆီကနေ သိရပါတယ်။

နွားထိုးကြီး ပကဖ ရဲ့ တာဝန်ရှိသူတယောက်က “မြို့သိမ်းတိုက်ပွဲအဆင့်တော့ မဟုတ်သေးပါဘူး။ စစ်သားတွေ တပ်စွဲနေတဲ့နေရာတွေကို ဝင်ပစ်တဲ့သဘောလောက်ပါ။ သူတို့ဘက်က သေတာများတယ်။ ကျနော်တို့ဘက်ကတော့ ရဲဘော် ၁ ယောက် ကျပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရတယ်” လို့ DVB ကို ပြောပါတယ်။

နွားထိုးကြီးမြို့ပေါ်က မြို့မရဲစခန်း၊ ဆောက်လုပ်ရေးရုံး၊ တရားရုံးနဲ့ မြန်မာ့ စီးပွားရေးဘဏ်တို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက် ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတချို့လည်း ဖမ်းဆီးရရှိခဲ့တယ်လို့ ဆိုပါတယ်။

နွားထိုးကြီးမြို့ခံတယောက်က “မြို့ပေါ်မှာ စစ်သားတွေ မရှိသလောက်တော့ ဖြစ်သွားပြီ။ ဒါပေမဲ့ မြို့ပေါ်ကို ရဟတ်ယာဉ်တွေနဲ့ လာပစ်နေတယ်။ မြို့ပေါ်ကလူတွေကတော့ ပြေးတဲ့သူက ပြေး၊ ပုန်းတဲ့သူက ပုန်းကြရတာပေါ့။ ညနေပိုင်းအထိ ရဟတ်ယာဉ်နဲ့ လာလာပစ်နေတယ်။ ပြည်သူ အထိအခိုက်ရှိတယ်တော့ မကြားမိသေးပါဘူး” လို့ ပြောပါတယ်။

မြေပြင်မှာ စစ်ကောင်စီတပ်သားတွေအထိနာနေတဲ့အတွက် စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ လေကြောင်းကနေ ပစ်ခတ်နေတာကြောင့် မြို့ခံပြည်သူတွေဟာ မြို့ကိုစွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားကြပြီလို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်က နွားထိုးကြီးမြို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေတုန်းဖြစ်ပါတယ်။

သြဂုတ် ၁၀ ရက်နေ့ ညဦးပိုင်းမှာတော့ နွားထိုးကြီးမြို့ပေါ်က လျှပ်စစ်ထရန်စဖော်မာတချို့ မီးလောင်နေပြီး လျှပ်စစ်မီးပြတ်တောက်နေသလို အခွန်ဦးစီးဌာနရုံး၊ စီးပွားရေးဘဏ်နဲ့ စိုက်ပျိုးရေးဘဏ်တို့မှာလည်း မီးလောင်နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

စစ်ဆင်ရေးတာဝန်ခံတယောက်က “ကျနော်တို့ဘက်က နွားထိုးကြီးမြို့ထဲကို စစ်ကြောင်းတွေခွဲပြီး ဝင်တိုက်တာ။ ကျနော်တို့စစ်ကြောင်းကြောင့် စစ်သား ၅ ယောက် သေတယ်။ သေနတ် ၆ လက် ရခဲ့ပြီးတော့ သုံ့ပန်း ၁ ယောက်ဖမ်းမိခဲ့တယ်။ စစ်ကြောင်းအားလုံးတော့ မြို့ထဲကနေ ပြန်ထွက်လာကြပါပြီ။ ကျန်တဲ့စစ်ကြောင်းတွေနဲ့တော့ မချိတ်မိသေးဘူး” လို့ ပြောပါတယ်။

စစ်ရေးအရှိန်မြင့်လာပြီဖြစ်လို့ ပြည်သူတွေအနေနဲ့ သတင်းအချက်အလက်တွေကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး သတိနဲ့သွားလာကြဖို့ နွားထိုးကြီး ပကဖ က တိုက်တွန်းထားပါတယ်။

နွားထိုးကြီး ပကဖနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ သြဂုတ် ၁၀ ရက်နေ့၊ မနက်ပိုင်းမှာ နွားထိုးကြီးမြို့ အပါအဝင် တောင်သာမြို့၊ မြင်းခြံမြို့တို့က စစ်ကောင်စီတပ်စခန်းတွေကိုလည်း တချိန်တည်း ဝင်ရောက်တိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်း ​တောင်သာမြို့နယ်၊ ဝဲ​လောင်ကျေးရွာအနီးက ဝဲ​လောင် ဓာတ်အားခွဲရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား တပ်ကြပ်ကြီးအဆင့်ရှိသူ ၁ ယောက်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁ ယောက်တို့ သေဆုံးပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြလာတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013