
လက်ဘနွန်နိုင်ငံ ဆီဒွန်မြို့မှာ ကားတစ်စီးပေါ်ကို အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမတ်စ်မှ အကြီးတန်း ပုဂ္ဂိုလ် တဦး သေဆုံးခဲ့ကြောင်း ဟားမတ်စ်သတင်းရင်းမြစ်နဲ့ တခြားလုံခြုံရေးသတင်းရင်းမြစ် ၂ ခုက ရိုက်တာကို ပြောကြား ခဲ့ပါတယ်။
နယ်ခြားမျဉ်းမှ ကီလိုမီတာ ၆၀ အကွာရှိ လက်ဘနွန်ဆိပ်ကမ်းမြို့ ဆီဒွန်ရဲ့ တောင်ဘက် အစွန်းတွေမှာ တိုက်ခိုက်မှုကြောင့် အနီးအနားရှိ အိုင်န် အလ်-ဟီလ်ဝေး ပါလက်စတိုင်း ဒုက္ခသည်စခန်းမှာ အလုပ်လုပ်တဲ့ ဟားမတ်စ်လုံခြုံရေးအရာရှိ ဆမား အလ်-ဟက်ဂျ် သေဆုံးခဲ့ပြီး သူ့ရဲ့သက်တော်စောင့်က ဒဏ်ရာပြင်းထန်ခဲ့ကြောင်း သတင်းရင်းမြစ် ၃ ခုက ပြောပါတယ်။
အစ္စရေးစစ်တပ်ဟာ ဂါဇာစစ်ပွဲနဲ့အပြိုင် ပြီးခဲ့တဲ့ ၁၀ လအတွင်း ဟားမတ်စ်အဖွဲ့ဝင်တွေ၊ မဟာမိတ် လက်ဘနွန်လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာနဲ့ တခြားအဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။
ပစ်ခတ်တိုက်ခိုက်မှု အများစုဟာ အစ္စရေးနဲ့ လက်ဘနွန်ကြား နယ်နိမိတ်မျဉ်းအထိ ကန့်သတ်ထား ပေမဲ့ ဟစ်ဇ်ဘိုလာ၊ ဟားမတ်စ်နဲ့ တခြားအဖွဲ့တွေရဲ့ အကြီးတန်းပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားနေတဲ့ အစ္စရေးဟာ မြောက်ဘက်မှာလည်း တိုက်ခိုက်ခဲ့ပါတယ်။











