DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူဒေသခံ ၃၀,၀၀၀ ကျော် စစ်ရှောင်၊ ဆီဆိုင်စစ်ရှောင်များ စားနပ်ရိက္ခာနှင့် ဆေးဝါး လိုအပ်နေ
DVB
·
August 10, 2024
ကန့်ဘလူဒေသခံ ၃၀,၀၀၀ ကျော် စစ်ရှောင်၊ ဆီဆိုင်စစ်ရှောင်များ စားနပ်ရိက္ခာနှင့် ဆေးဝါး လိုအပ်နေ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့အတွက် ဒေသခံ ပြည်သူ ၃၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရတာ ၂ ပတ်ကျော်လာပြီလို့ စစ်ရှောင်အကူအညီပေးနေသူတွေဆီက သိရပါတယ်။

ဇူလိုင် ၂၅ ရက်ကစပြီး ကန့်ဘလူမြို့နယ် တောင်ခြမ်းကို စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးခဲ့ပြီး စစ်အင်အားဖြည့်နေတာ ဩဂုတ် ၉ ရက်မှာ အင်အား ၅၀၀ ကျော် ရောက်ရှိနေပြီလို့ ဆိုပါတယ်။

စစ်ကြောင်းကြောင့် ကန့်ဘလူနယ် တောင်ဘက်ခြမ်း ဆူးပုတ်ကုန်း၊ သပြေသာလေး၊ ကိုးမြို့၊ ဖလံချိုင် စတဲ့ရွာတွေ အပါအဝင် ကျေးရွာ ၂၀ ကျော်က ပြည်သူ ၃၀,၀၀၀ နီးပါး ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ကန့်ဘလူအခြေစိုက် Infinity Group မှ ကိုအနန္တက “မင်းကုန်းမှာ အထိုင်ချပြီး တောင်ဘက်ခြမ်းကို စစ်ကြောင်းထိုးနေတာ၊ ရွာက ၂၀ ကျော်ပြီ၊ အရင်လ ၂၅ ရက်တည်းကနေ ဒီနေ့ထိပဲ။ စစ်တပ်အထိုင်စခန်းတွေချလိုက်တော့ နီးစပ်ရာရွာက အကုန်ရှောင်ကြရတာပါ။ ပရဟိတတွေ ဝင်ပြီး ကူဖို့ပြုဖို့ကလည်း မလွယ်ဘူးပေါ့။ သူတို့ဘက်က သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးနေတော့ ကာကွယ်ရေးဘက်ကလည်း မခုခံနိုင်ဘူး ဖြစ်နေတယ်”လို့ ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေပြီး ကန့်ဘလူ တောင်ဘက်ခြမ်းကို အကူအညီပေးတဲ့ ပရဟိတအဖွဲ့တွေကိုလည်း စစ်ကောင်စီတပ်က ဝင်ထွက်ခွင့် မပေးထားဘူးလို့ သိရပါတယ်။

ကန့်ဘလူမြို့နယ်မှာ ဩဂုတ် ၉ ရက်အထိ မိုးမရွာသေးတဲ့အတွက် သောက်သုံးရေ အခက်အခဲတွေလည်း ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းက ဇူလိုင် ၂၅ ရက်ကနေ ဩဂုတ် ၈ ရက်အထိ သပြေသာလေး၊ ဘိုတဲကုန်း၊ ကျွန်းပင်ကုန်း၊ ရှမ်းတပ် စတဲ့ရွာတွေ အပါအဝင် ကျေးရွာ ၁၆ ရွာက လူနေအိမ် အလုံး ၆၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာလည်း ဆီဆိုင်မြို့မှာ တကျော့ပြန်ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် တောတောင်ထဲ ရှောင်နေရသူတွေအတွက် စားနပ်ရိက္ခာများ၊ မိုးကာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်‌နေတယ်လို့ ပြောပါတယ်။

သြဂုတ် ၄ ရက်က စတင်ပြီး တိုက်ပွဲပြန်ဖြစ်လို့ ဆီဆိုင်မြို့ပေါ် ရပ်ကွက်တချို့နဲ့ ဆီဆိုင်မြို့ အရှေ့ဘက် တောင်ရှေ့ကျေးရွာအုပ်စုမှ ရွာ ၁၀ ရွာကျော် ထွက်ပြေးရတာပါ။

စစ်ရှောင်အမျိုးသားတဦးက “တခြားမြို့ရွာဘက် ရှောင်တာ စစ်ရှောင်လက်မခံလို့ တောဘက်ရှောင်တာပါ။ ရွာသားလက်မခံတာမဟုတ်ဘူး၊ PNO နဲ့ ဗမာစစ်တပ်က လက်မခံခိုင်းတာ။ စစ်ရှောင်လက်ခံရင် တိုက်ပွဲဖြစ်မယ်ဆိုပြီး ပြောတယ်။ ခုဆို ဖြစ်သလိုပဲ စုပေါင်းစားကြတယ်။ ဆန်ပြုတ်ပဲ ပြုတ်စားရတယ်” လို့ ပြောပါတယ်။

စစ်ရှောင်အများစုမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ နာတာရှည်ရောဂါရှိသူတွေ အများစု ပါဝင်တယ်လို့ ပြောပါတယ်။

စစ်ဘေးရှောင်အရေး ကူညီပေးနေသူတဦးက “ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေးတွေ ရင်ဆိုင်ကြရပြီး စားနပ်ရိက္ခာတွေ၊ စောင်၊ အခင်းတွေ လိုအပ်တယ်။ ခုရာသီလည်း မိုးအရမ်းများတော့ မိုးမိပြီး ဖျားနာသူများတယ်။ တောဘက်ရှောင်သူတွေအတွက်က လုံခြုံရေးအရရော၊ လမ်းအခြေအနေအရရော အကူအညီပေးတဲ့အဖွဲ့တွေ လုံးဝ သွားရောက်နိုင်တာ မရှိသေးပါဘူး” လို့ ပြောပါတယ်။

သြဂုတ် ၆ ရက်ကလည်း ဆီဆိုင်မြို့အရှေ့ဘက် တောင်ရှေ့ကျေးရွာအုပ်စုထဲ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၀ ဦးသေဆုံးပြီး တိုက်ပွဲမဖြစ်တဲ့ကျေးရွာကို စစ်တပ်လက်နက်ကြီးနဲ့ ပစ်ခတ်လို့ စစ်ရှောင်အမျိုးသမီး ၂ ဦး ထိမှန်သေဆုံးတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) က ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း တိုက်ပွဲကြောင့် ဒေသခံလူဦးရေ ၆၃,၆၀၀ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013