DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားငွေ အကြပ်ရိုက်နေသည့် စစ်ကောင်စီက ပို့ကုန်ရငွေလဲလှယ်နှုန်းကို ပြင်ဆင်
DVB
·
August 9, 2024
နိုင်ငံခြားငွေ အကြပ်ရိုက်နေသည့် စစ်ကောင်စီက ပို့ကုန်ရငွေလဲလှယ်နှုန်းကို ပြင်ဆင်
Donate to DVB

ပို့ကုန်ရငွေပမာဏရဲ့  ၂၅ ရာခိုင်နှုန်းကို ကျပ်ငွေနဲ့ လဲလှယ်ဖို့ ထပ်မံပြောင်းလဲ သတ်မှတ်လိုက်တာက စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ အကျပ်အတည်း ကြီးမားနေတာကို ပြသနေတယ်လို့  စီးပွားရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပို့ကုန်တင်ပို့သူတွေက ပို့ကုန်တင်ပို့တာကနေ ရတဲ့ဝင်ငွေပမာဏ ၃၅ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေ လဲလှယ်ရမယ်လို့ သတ်မှတ်ထားရာကနေ ၂၀၂၄ ဩဂုတ် ၈ ရက်ကစလို့ ၂၅ ရာခိုင်နှုန်းကိုသာ ကျပ်ငွေလဲလှယ်ရမယ်လို့ ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။

အခုလို ပြင်ဆင်သတ်မှတ်လိုက်တာက စစ်ကောင်စီရဲ့ နိုင်ငံခြားငွေကြေးပြဿနာက ကြီးမားနေကြောင်းကို ပြသနေတာဖြစ်ပြီး အခြေအနေတွေ ပိုဆိုးလာရင် ပြည်တွင်းက လူအများစုကို ဆင်းရဲသွားစေမယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့ ပြင်ပဆက်သွယ်ဆက်ဆံရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

“အခုလက်ရှိမှာ စစ်ကောင်စီမှာ နိုင်ငံခြားငွေပြဿနာက တော်တော်ကို ကြီးလာတယ်လို့ ယူဆရတယ်။ ကျနော်မြင်တာ ဆေးမမီဘူးလို့ထင်တယ်။ အခုလက်ရှိ အခြေအနေနဲ့ ဖြစ်နေတာကတခြား၊ ဆေးကုတာက တခြားဖြစ်နေတယ်လို့ ကျနော်မြင်တယ်။ နောက်တချက်က နိုင်ငံခြားငွေပြဿနာတွေ ဘာတွေ အကြီးအကျယ်တက်လာရင် နောက်ထပ် ဆီပြတ်တာတွေ ဖြစ်နိုင်တယ်။ နောက်တခုကကျတော့ အစိုးရဝန်ထမ်းတွေရဲ့ ရနေတဲ့ လခက မများဘူးဗျ။ အခုလက်ရှိ ဒေါ်လာနှုန်းနဲ့ ငွေလဲနှုန်းက ပြောင်းလာတဲ့နဲ့အမျှ တဖြည်းဖြည်း သုံးနိုင်တဲ့ spending power က ကျလာတယ်။ အဲဒီပြဿနာက အကြီးအကျယ် လူအများစုကို ဆင်းရဲသွားအောင် လုပ်လိုက်တယ်လို့ ထင်ပါတယ်။”

၁၉၈၈ ခုနှစ် နဝတအစိုးရ အာဏာသိမ်းခဲ့စဉ်က နိုင်ငံခြားအရန်ငွေကြေးက အမေရိကန်ဒေါ်လာ ၇ သန်းကျော်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်ကောင်စီ အာဏာသိမ်းတဲ့အချိန် ဒေါ်လာ ၆ ဒသမ ၆ သန်းလောက် ရှိခဲ့ရာကနေ လက်ရှိအချိန်မှာတော့ ဒေါ်လာ တသန်းလောက်သာ ကျန်ရှိနေတော့မှာဖြစ်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ခန့်မှန်းပါတယ်။ 

ဒီအတွက်ကြောင့် စစ်ကောင်စီက ပို့ကုန်တင်ပို့သူတွေဆီကနေ နိုင်ငံခြားငွေကြေးရရှိအောင် ပြင်ဆင်သတ်မှတ်ပေးတာဖြစ်တယ်လို့ ပို့ကုန်သွင်းကုန်လုပ်ငန်း ကျွမ်းကျင်သူတယောက်က ပြောပါတယ်။

“ဖြစ်နိုင်ခြေရှိတာကတော့ သူတို့က ပို့ကုန်ရဝင်ငွေ တိုးတက်အောင် လုပ်ချင်တာပေါ့။ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာက export က မရှိတော့ဘူးလေ။ မြင်သာအောင်ပြောရရင် အထည်ချုပ်စက်ရုံတွေပေါ့၊ သူတို့က ပို့ကုန်တင်ပို့တာများတဲ့ sector ဆိုတော့၊ ဒါပေမဲ့ စက်ရုံတွေက မီးမလာတော့ ဘာနဲ့လုပ်မလဲ၊ နောက်ပြီးတော့ တကယ်တမ်း သွင်းအားစုတွေဝယ်ရတာ အပြင်ကပေါက်တဲ့ ၅,၂၀၀-၅,၅၀၀ တို့နဲ့ ဝယ်ရတာလေ။ ဒါကို ဗဟိုဘဏ်နှုန်း ၂,၁၀၀ နဲ့ ဘယ်သူက ပြန်သွင်းချင်မလဲ။ ဒါပေမဲ့ ၃၅ တုန်းက ပိုရှုံးတာပေါ့။ ၂၅ ဆိုတော့ အရှုံးသက်သာတယ်။ export တွေကို ပိုလုပ်စေချင်တဲ့ဆန္ဒလို့ ကျနော်ထင်တယ်။ ဒါပေမဲ့ ဒီလိုမျိုး ၂၅ ရာခိုင်နှုန်းဆိုပြီး သတ်မှတ်တာကိုက မဟုတ်ဘူးလေ။ အကြမ်းသုံးစကားနဲ့ ပြောရရင် ဓားပြတိုက်တာလေ။ ပေါက်ဈေး ၅,၀၀၀ ကျော်ကို ၂,၁၀၀ နဲ့ ဖြတ်ယူတာ ဒါ အေးဓားပြပေါ့။”

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပို့ကုန်လုပ်ငန်းရှင်တွေကို ဗဟိုဘဏ်ပေါက်ဈေးနဲ့ ကျပ်ငွေလဲလှယ်ရမယ့်နှုန်း ပမာဏကို ပြင်ဆင်သတ်မှတ်တာ ၄ ကြိမ်ရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်တုန်းက ၆၅ ရာခိုင်နှုန်း လဲလှယ်ရမယ်လို့ သတ်မှတ်ထားခဲ့ရာက ၂၀၂၃ ဇူလိုင်လမှာ ၅၀ ရာခိုင်နှုန်း၊ ဒီဇင်ဘာလမှာ ၃၅ ရာခိုင်နှုန်းကို ပြင်ဆင်သတ်မှတ်ခဲ့ပြီး အခုတကြိမ်မှာတော့ ၂၅ ရာခိုင်နှုန်းကို ထပ်မံပြောင်းလဲ သတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013