DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် ဟာသသရုပ်ဆောင် ဒိန်းဒေါင် ဦးဆောင်ပြီး MNDAA အဖွဲ့ကို ဆန္ဒပြ
DVB
·
August 9, 2024
နေပြည်တော်တွင် ဟာသသရုပ်ဆောင် ဒိန်းဒေါင် ဦးဆောင်ပြီး MNDAA အဖွဲ့ကို ဆန္ဒပြ
Donate to DVB

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျဆုံးသွားတဲ့အတွက် ဟာသပညာရှင် အစည်းအရုံးဥက္ကဋ္ဌ ဒိန်းဒေါင်နဲ့အဖွဲ့က ကိုးကန့် (MNDAA) နဲ့ ပူးပေါင်းတပ်တွေကို သြဂုတ် ၉ ရက် ဒီနေ့မနက် နေပြည်တော် မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြပါတယ်။

မြို့တော်ခန်းမရှေ့ကို ကိုယ်ပိုင်ကား၊ ဟိုက်ဂျက်တွေနဲ့လာကာ ဒိန်းဒေါင်၊ လူရွှင်တော်အချို့နဲ့ အမျိုးသားရေးသမားတွေဟာ “အသက်စွန့်သွားတဲ့ တပ်မတော်သားတွေကို ဂုဏ်ယူတယ်၊ ပြည်ပသြဇာခံ MNDAA နဲ့ ပူးပေါင်းအဖွဲ့များ အလိုမရှိ” ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ကာ ဆန္ဒပြကြတာလို့ ပျဥ်းမနားမြို့ခံတဦးက DVB ကို ပြောပါတယ်။

ဆန္ဒပြသူတွေထဲမှ လူရွှင်တော် သော်သော်က “လားရှိုးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတယ်။ ဒါကြောင့် ပြည်သူတယောက်အနေနဲ့ မခံစားနိုင်လို့ ဆန္ဒလာပြတာ။ ဘယ်သူလုပ်လုပ် လက်ခံလို့မရဘူး။ အပြစ်မဲ့ပြည်သူတွေကို သတ်နေရုံနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး” လို့ လုံခြုံရေးယူထားတဲ့ စစ်သားတွေ၊ ရဲတွေကြားအောင် အကျယ်ကြီး အော်ပြောပါတယ်။

လူရွှင်တော် သော်သော် ဆိုတာ ဟာသပညာရှင်အစည်းအရုံး ဥက္ကဋ္ဌ ဒိန်းဒေါင် ဇူလိုင် ၇ ရက်က ပေးခဲ့တဲ့ “လုပ်ငန်းစွမ်းဆောင်ရည် အကောင်းဆုံးဆု” ရရှိသူ ၁၀ ဦးထဲမှာ ပါဝင်သူတဦး ဖြစ်ပါတယ်။

ဒိန်းဒေါင်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ Plenary Hall မှာ ဝန်ကြီး ဦးမောင်မောင်အုန်း၊ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့နဲ့ ပူးပေါင်းကာ သက်ကြီးပညာရှင် ကန်တော့ပွဲနဲ့ ဟာသပညာရှင်ဆုပေးပွဲ လုပ်ခဲ့တာလည်း ရှိပါတယ်။

ရန်ကုန်နဲ့ နေပြည်တော်မှာ သြဂုတ် ၆ ရက်က တိုင်းစစ်ဌာနချုပ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ ဦးဆောင်ကာ MNDAA ဆန့်ကျင်ဆန္ဒပြပွဲကို ပြုလုပ်ခဲ့တာလည်း ရှိပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေကို စစ်တပ်အလိုကျ ဆန့်ကျင်ကန့်ကွက်ကြောင်း စာထုတ်ပြန်တဲ့ အဖွဲ့အစည်း ၁၀ ဖွဲ့ထက်မနည်းရှိရာ စာထုတ်ပြန်တဲ့အထဲမှာ ဒိန်းဒေါင် ဦးဆောင်တဲ့ ဟာသပညာရှင်အစည်းအရုံး (ဗဟို) လည်း ပါပါတယ်။

စစ်ကောင်စီကို အစဉ်တစိုက် ထောက်ခံခဲ့တဲ့ ဒိန်းဒေါင်ကို စစ်ကောင်စီက မြေကို ဧကနဲ့ချီပြီး ပေးခဲ့သလို လူရွှင်တော်သင်တန်းကျောင်း ဖွင့်ဖို့အတွက် ထောက်ပံ့ပေးခဲ့တာလည်း ရှိပါတယ်။

စစ်တပ် အာဏာသိမ်းပြီးချိန်ကစပြီး ရှေ့တန်းစစ်သည်တွေကို ဖျော်ဖြေရေးနဲ့ ရန်ပုံငွေကပွဲတွေမှာ ပါဝင်ခဲ့တဲ့ ဒိန်းဒေါင်ကို စစ်ခေါင်းဆောင်က ၂၀၂၂ ခုနှစ် လူမှုထူးချွန်ဆု ဒုတိယအဆင့်ကို ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013