
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်၊ စီးပွားရေးပညာရှင် မိုဟာမက်ယူနွတ် ဟာ နိုင်ငံရဲ့ အိမ်စောင့်အစိုးရ အကြီးအကဲအဖြစ် ဩဂုတ် ၈ ရက်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
ပြင်းထန်တဲ့ ဆန္ဒပြမှုတွေကြောင့် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ရာထူးကနေ နုတ်ထွက်ပြီး နိုင်ငံထဲကနေ ထွက်ပြေးခဲ့ပြီးတဲ့နောက် ၃ ရက်အကြာမှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာပါ။
နိုင်ငံအကြီးအကဲအဖြစ် အသက် ၈၄ နှစ်အရွယ် ယူနွတ်ကို အကြံပြုခံရပြီးတဲ့နောက် သူဟာ ဆေးကုသမှုခံယူနေတဲ့ ပြင်သစ်မြို့တော် ပါရီကနေ သြဂုတ် ၈ ရက် အစောပိုင်းမှာ ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာကို ပြန်လာခဲ့တာပါ။
ကျောင်းသားဆန္ဒပြသူတွေဟာ တိုင်းပြည်ကို ကယ်တင်ခဲ့ပြီး အသစ်ပြန်မွေးဖွားပေးခဲ့တယ်၊ လွတ်လပ်ရေးကို အကာအကွယ်ပေးရမယ်လို့ ဘောဂဗေဒပညာရှင် ယူနွတ်က သတင်းထောက်တွေကို လေဆိပ်မှာ ပြောခဲ့ပါတယ်။
ယူနွတ်ကို စစ်တပ်ရဲ့ အကြီးတန်းအရာရှိတွေနဲ့ ကျောင်းသားခေါင်းဆောင်တွေက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။
“လွတ်လပ်ရေးက အိမ်ထောင်စုတိုင်းဆီ ရောက်အောင် သေချာလုပ်ရမယ်။ မဟုတ်ရင် လွတ်လပ်ရေးက အဓိပ္ပာယ်မရှိဘူး” လို့ ယူနွတ်က ဆက်ပြောခဲ့ပါတယ်။
ယူနွတ်ဟာ လူဦးရေ သန်း ၁၇၀ ရှိတဲ့ တောင်အာရှနိုင်ငံမှာ ရွေးကောက်ပွဲတွေ အသစ်ကျင်းပဖို့ တာဝန်ပေးထားတဲ့ ကြားဖြတ်အစိုးရရဲ့ အကြံပေးအရာရှိချုပ် ဖြစ်လာမှာပါ။
ဟာစီနာကို ဖြုတ်ချခဲ့တဲ့ ကျောင်းသားဦးဆောင်တဲ့ လှုပ်ရှားမှုဟာ ဇူလိုင်လမှာ ပျံ့နှံ့ခဲ့တဲ့ အစိုးရအလုပ်အကိုင်ခွဲတမ်းကို ဆန့်ကျင်ဆန္ဒပြပွဲတွေကြောင့် ကြီးထွားလာခဲ့ပါတယ်။
ဆန္ဒပြပွဲတွေကို ဖြိုခွင်းရာမှာ အစိုးရက အင်အား အလွန်အကျွံ သုံးတာကို ငြင်းဆိုထားပေမဲ့ အကြမ်းဖက်ဖြိုခွင်းမှုကို တကမ္ဘာလုံးက ဝေဖန်ခဲ့ပါတယ်။
ဆန္ဒပြပွဲတွေဟာ ပြင်းထန်တဲ့ စီးပွားရေးအခြေအနေတွေနဲ့ နိုင်ငံတွင်း နိုင်ငံရေးအရ ဖိနှိပ်မှုတွေကို မီးမောင်းထိုးပေးခဲ့ပါတယ်။
သီတင်းပတ်ချီ ဆန္ဒပြပွဲအတွင်း အကြမ်းဖက်မှုတွေကြောင့် လူအယောက် ၃၀၀ လောက် သေဆုံးပြီး လူထောင်ချီ ဒဏ်ရာရခဲ့ပါတယ်။
Source-Reuters