AI ဉာဏ်ရည်တုနည်းပညာရဲ့ သက်ရောက်မှုတွေဟာ စက်မှုတော်လှန်ရေးခေတ်ထက်တောင် ပိုမိုကြီးမားနိုင်ပြီး အချိန်တိုအတွင်း စီပွားရေးအခင်းအကျင်းကို ပြောင်းလဲပစ်နိုင်တယ်လို့ နည်းပညာ နဲ့ စီးပွားရေး ပညာရှင်တွေက သတိပေးလိုက်ပါတယ်။
အဲဒီနောက် ဖြစ်လာနိုင်တဲ့ အလားအလာအတွက် ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ အလျှင်အမြန် စဉ်းစားဆောင်ရွက်ပြီး မူဝါဒ ချမှတ်သူတွေ အနေနဲ့ ပြင်ဆင်ထားသင့်တယ်လို့လည်း ဆိုပါတယ်။
ဇူလိုင် ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ပညာရှင်တွေရဲ့ ကြေညာချက်အရ “လာမဲ့ ၁၀ နှစ်အတွင်း AI ဟာ အများကြီး ပိုပြီး အစွမ်းထက်လာနိုင်ကြောင်း” ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီနည်းပညာဟာ “အလုပ်ပိုမိုတွင်ကျယ်ကာ လူနေမှုအဆင့်အတန်း မြင့်မားလာစေနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေပေမဲ့လည်း အလုပ်အကိုင် အမြောက်အမြား ပျောက်ကွယ်သွားနိုင်စေတဲ့ အန္တရာယ်” ရှိနေပြန်ပါတယ်။
“အခုပဲ ကျွန်ုပ်တို့ အရေးယူဆောင်ရွက်ရမယ်” (We Must Act Now) ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ ကြေညာချက်ထဲမှာ OpenAI နဲ့ Anthropic ကုမ္ပဏီ အကြီးအကဲတချို့နဲ့ နိုဘယ်လ်ဆုရှင် ၁၅ ယောက် အပါအဝင် ပညာရှင်ပေါင်း ၂၀၀ နီးပါးလောက် လက်မှတ်ရေးထိုးထားပါတယ်။
၂၀၂၄ ခုနှစ်အတွက် စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုရှင်တွေ ဖြစ်ကြတဲ့ ဒါရွန် အာချေမိုဂလူနဲ့ ဆိုင်မွန် ဂျွန်ဆင် တို့လည်း ပါဝင်ပြီး အရင်ကတည်းက သူတို့ဟာ AI နည်းပညာကို ဝေဖန် ထောက်ပြလာခဲ့သူတွေပါ။
AI က ပိုမိုအစွမ်းထက်လာလေလေ လူသားတွေရဲ့ အလုပ်အကိုင် အများစုကို အစားထိုးလာနိုင်လေလေ ဖြစ်တဲ့အလျောက် အချိန်တိုအတွင်း အလုပ်လက်မဲ့ပြဿနာတွေပါ ပေါ်ပေါက်လာနိုင်ပါတယ်။
ဒီကြေညာချက်ထွက်လာဖို့ ဦးဆောင်စီစဉ်ခဲ့သူဖြစ်တဲ့ စီပွားရေးပညာရှင် အဲရစ်ခ် ဘရင်ယေ့ာဖ်ဆင် ကလည်း သူ့ရည်ရွယ်ချက်ဟာ AI ရဲ့ သက်ရောက်မှုတွေကို ဒီ့ထက်ပိုပြီး အလေးအနက်ထား စဉ်းစားစေချင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီကြေညာချက်ကနေတဆင့် ”AI နည်းပညာကို လူသားတွေ အထောက်အကူဖြစ်စေဖို့နဲ့ လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းစေမဲ့ လမ်းကြောင်းပေါ် ဦးတည်လာအောင် ထိန်းကျောင်းပေးနိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဆုပေး-ဒဏ်ပေး စနစ်တွေနဲ့ အဖွဲ့အစည်းဆိုင်ရာ ယန္တရားတွေ မဖြစ်မနေ တည်ဆောက်ရမယ်” ဆိုပြီး တိုက်တွန်းထားပါတယ်။










