DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် အိမ်သုံးဂက်စ် ၁ ပိဿာ ငွေကျပ် ၁၄,၀၀၀ အထိ ဈေးမြင့်လာ
DVB
·
August 9, 2024
ဧရာဝတီတိုင်းတွင် အိမ်သုံးဂက်စ် ၁ ပိဿာ ငွေကျပ် ၁၄,၀၀၀ အထိ ဈေးမြင့်လာ
Donate to DVB

ဧရာဝတီတိုင်းမှာ အိမ်သုံးဂက်စ် LPG ၁ ပိဿာကို ငွေကျပ် ၁၄,၀၀၀ အထိ ဈေးတက်လာတာကြောင့် ဂက်စ်ကို အဓိက အသုံးပြုနေရတဲ့သူတွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ဇွန်နဲ့ ဇူလိုင်က LPG ဂက်စ် ၁ ပိဿာကို ငွေကျပ် ၈,၀၀၀ ကနေ ၈,၈၀၀ အထိသာရှိခဲ့ပြီး လက်ရှိ သြဂုတ်လမှာ LPG ဂက်စ် ၁ ပိဿာကို ငွေကျပ် ၁၄,၀၀၀ အထိ ဈေးမြင့်တက်လာတယ်လို့ ဆိုပါတယ်။

မအူပင်မြို့ခံ အိမ်ရှင်မတယောက်က “အလုပ်လုပ်ရတာ အခြေအနေအတော်ဆိုးလာတယ်။ အလုပ်မသွားခင် မီးမလာလို့ ဂက်စ်နဲ့ချက်ပြုပ်ထားခဲ့ရတာ။ လျှပ်စစ်မီးကမမှန်လို့ ဂက်စ်ဝယ်သုံးနေရတာ ကြာပါပြီ။ အခုကိုယ်ဝယ်သုံးရတဲ့ ဂတ်စ်ကတပိဿာကို ငွေကျပ် ၁၄,၀၀၀ အထိ ဈေးတက်လာတယ်။ ဒီရက်ထဲ ဈေးတက်လာတဲ့အပြင် လိုသလောက်လည်း ဝယ်မရတော့ဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ လျှပ်စစ်မီး မမှန်တဲ့အတွက် စားသောက်ဆိုင်တွေနဲ့ နေအိမ်တွေမှာ ချက်ရေးပြုတ်ရေး လုပ်ဆောင်တဲ့အခါ LPG ဂက်စ်ကို အဓိကအသုံးပြုနေရတာဖြစ်ပြီး ဈေးတက်လာတဲ့အပြင် ဂက်စ်မရတဲ့ ပြဿနာပါ ထပ်မံကြုံနေရတယ်လို့ သိရပါတယ်။

အိမ်သုံးဂက်စ် LPG ဈေးထိုးတက်လာခြင်းကြောင့် လျှပ်စစ်မီးမမှန်လို့ နေ့စဉ်တိုင်းနီးပါးဂက်စ် အသုံးပြုနေရတဲ့ ဒေသခံတွေ၊ ဟိုတယ်လုပ်ငန်းရှင်တွေ၊ စားသောက်ဆိုင်လုပ်ငန်းတွေ၊ အကြော်လုပ်ငန်းတွေပါ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှ စားသောက်ဆိုင် လုပ်ငန်းရှင်တယောက်က  “တနေ့ကို ဂက်စ်ပိဿာ ၂၀ လောက်သုံး ရတာ၊ ဒီဈေးနဲ့ဆို ဘယ်လိုရှေ့ဆက်ရမယ် မသိတော့ဘူး။ မီးမှန်ရင်တော့ အဲ့လောက်မကုန်ဘူး။ တခါမှလည်း မီးကမမှန်ဘူးလေ” လို့ ပြောပါတယ်။

အိမ်သုံးဂက်စ် LPG ကို ထိုင်းနိုင်ငံကအများဆုံးတင် သွင်းကာ ပြန်လည်ရောင်းချနေတာဖြစ်ပြီး မြန်မာ့ကျပ်ငွေ တန်ဖိုးကျဆင်းကာ ထိုင်းဘတ်ငွေလဲလှယ်နှုန်း မြင့်တက်မှုကြောင့် ဂက်စ်တင်သွင်းမှုတွေပါ လျော့ကျခဲ့ပြီး ဈေးနှုန်း မြင့်တက်လာတာလို့ သိရပါတယ်။

ပုသိမ်မြို့မှ အိမ်သုံး၊ ဆိုင်သုံး ဂက်စ်ရောင်းဝယ်ရေးလုပ်ငန်းရှင်တယောက်က “သြဂုတ် ၁ ရက်ကစပြီး ဈေးထပ်တက်လာတာ။ အဓိက ကတော့ ငွေလဲနှုန်းမငြိမ်တာကြောင့်ပေါ့။ အခုက ပြန်ကျလာတယ်ဆိုပေမဲ့ ဝယ်တုန်းက အမြင့်ဈေးနဲ့ဝယ်ထားရတာဆိုတော့ ဂက်စ်ဈေးက ငွေဈေးကျသလို ချက်ချင်း ပြန်မကျနိုင်သေးတာပါ။ ဘတ်ဈေးကလည်းကျတယ် ဆိုပေမဲ့ ဈေးက မငြိမ်သေးဘူးလေ” လို့ ပြောပါတယ်။

စစ်တပ် အာဏာမသိမ်းခင်က ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က အိမ်သုံးဂက်စ် PLG တပိဿာကို ငွေကျပ် ၁,၇၀၀ ကနေ ၁,၈၀၀ အထိသာ အမြင့်ဆုံးဈေး ပေါက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013