DVB Logo
Home
မြန်မာသတင်း
ရှမ်းမြောက်မြို့များတွင် ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှုကို  ဖြေရှင်းဖို့ ကြိုးပမ်းနေ
DVB
·
August 9, 2024
ရှမ်းမြောက်မြို့များတွင် ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှုကို  ဖြေရှင်းဖို့ ကြိုးပမ်းနေ
Donate to DVB

တိုက်ပွဲတွေကြောင့် ရှမ်းပြည်မြောက်ပိုင်းက မြို့အတော်များများမှာ ဖုန်းလိုင်း၊ အင်တာနက်နဲ့ မြေပြင်ဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့် မြို့တွေကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်တွေနဲ့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့ ကတော့ ဒီကိစ္စတွေကိုဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

လွတ်မြောက်သွားတဲ့ မြို့တွေအားလုံးကို စစ်ကောင်စီတပ်က ဆက်သွယ်ရေးတွေအပါအဝင် ကန့်သတ်ပိတ်ပင်မှုတွေ လုပ်လာတာကြောင့် ရှမ်းမြောက်မှာရှိတဲ့ သိမ်းပိုက်မြို့အများစုက ပြည်သူတွေ အခက်ကြုံနေကြရတာပါ။

TNLA က နောက်ဆုံးသိမ်းပိုက်ထားတဲ့ မိုးမိတ်မြို့မှာဆိုရင် ဖုန်းလိုင်းတွေပြတ်တောက်နေပြီး အရင်က ၆ နာရီ ဝန်းကျင်သာကြာတဲ့ မန္တလေးကို ကသာဘက်ကနေ ၃ ရက်ကြာပတ်လာရကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန် မြှင့်တက်လာကြောင်း မြို့ခံတယောက်က ပြောပါတယ်။

မိုးမိတ်မြို့ခံ အမျိုးသမီးတဦးက “မေမြို့၊ မိုးကုတ်ကနေလည်း မိုးမိတ်ကိုဆင်းလို့ရတယ်၊ နေ့ချင်းပေါက် ရောက်တယ်။ ဒါပေမဲ့ စကစ တွေက ဝက်ဝံလမ်းကနေ လုံးဝ အဆင်းကို ပိတ်ထားပြီးတော့မှ မန္တလေးကို တက်လာတဲ့သူတွေပဲ လက်ခံတယ်။ နောက်တခုက ဆန်တွေ၊ ဆီတွေ ပါလာတယ်ဆိုလည်း ထားခိုင်းခဲ့တယ်။ ရေသန့်ဘူး ၁ လီတာဘူး၊ ဓာတ်ဆီဘူး ၁ လီတာဘူး တဘူးဆိုလိုရှိရင် ၂၀,၀၀၀ ပေးဝယ်ရတာရှိတယ်။ အဲဒီ ၁ လီတာရဲ့အောက်က အသေးလေးတွေရှိသေးတယ်။ အဲတာကကျတော့ စားသုံးဆီကို အဲလိုဘူးလေးတွေနဲ့ ထည့်ရောင်းတာကကြတော့ အဲတဘူးကို ၁ သောင်းတို့၊ ၆၅၀၀ တို့ ပေးဝယ်ရတယ်” လို့ ပြောပါတယ်။

ဒါကြောင့် မြို့ခံတွေနဲ့ အဝေးရောက်မိသားစုဝင်တွေ အဆက်အသွယ်ပြတ်တောက်နေပြီး အင်တာနက်မရတာကြောင့် ငွေလွှဲပေးလို့လည်းမရဖြစ်နေကြကြောင်း သူကပြောပါတယ်။

စစ်ဆင်ရေးပထမပိုင်း၊ ပြီးခဲ့တဲ့ဇန်နဝါရီလဆန်းပိုင်းမှာ သိမ်းပိုက်ခဲ့တဲ့ ကွတ်ခိုင်မြို့မှာလည်း အလားတူ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်လို့ ကုန်စည်တွေအဝင်နည်းတဲ့အပြင် ဖုန်းနဲ့ အင်တာနက်လိုင်းတွေပါ အသုံးပြုရခက်ခဲတာကြောင့် ရိက္ခာပြတ်မှာကို စိုးရိမ်နေရကြောင်း မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

“အဲလို လိုင်းအဆက်အသွယ်လေးရရင်တော့ လွှဲလို့ရတယ်။ လိုင်းလေး ပေါ်ရင်တော့။ ရာခိုင်နှုန်းက ၃၀၀၀ တောင်ယူတာ။ ၁ သိန်းကို ၃၀၀၀ ယူတယ်။ အဲလိုပေါ့ ကိုယ်နဲ့ မှီရာ မှီရာ ခင်ရာ ခင်ရာ ဆိုင်က အများကြီးဆိုရင်လည်း ထုတ်လို့မရဘူး။ ခုဏပြောသလို ဟိုမိတ်ဆွေဆီက နည်းနည်းပေါ့။ မင်းဆီမှာ Kpay  လေးဝင်လို့ရသေးလား၊ ရရင် Kpay လေးထုတ်ပေးစရာ ပိုက်ဆံရှိသေးလား။ ရှိသေးရင်မျှထုတ်ပါဦး ကျနော်တို့က အဲလိုပဲလုပ်နေရတာ။ အခုချိန် မန္တလေးကိုသွားမယ်ဆိုရင် လူ ၁ ယောက်က ပိုက်ဆံ ၁၀ သိန်းလောက်မရှိဘဲ ရောက်ဖို့မလွယ်ဘူး။”

ကွတ်ခိုင်မှာတော့ လားရှိုးတိုက်ပွဲစတင်ကတည်းက မူဆယ်ဘက်ကလွဲလို့ လမ်းပန်း ဆက်သွယ်ရေးတွေ အကုန်ပြတ်တောက်နေတယ်လို့ ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း PDF နဲ့ ERO တွေသိမ်းပိုက်ခဲ့တဲ့ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ မိုးကုတ်၊ မိုးမိတ်နဲ့ စဉ့်ကူးမြို့တွေအပါအဝင် လောက်ကိုင်နဲ့ ရှမ်းမြောက်က သိမ်းပိုက်မြို့အများစုမှာ ဆက်သွယ်ရေးခက်ခဲနေပြီး စတားလင့်နဲ့ ဝိုင်ဖိုင်တချို့ကလွဲလို့  လိုင်းတွေ အကုန်နီးပါးပြတ်တောက်လာတာပါ။

PSLF/ TNLA  ပြောခွင့်ရ လွေးယေဦးက “ဆက်သွယ်ရေးလိုင်းနဲ့ပတ်သက်ပြီးတော့မှ တခြားသော အရာတွေလည်း ပါဝင်ပါတယ် လက်ရှိအတွက်။ အားလုံးက ဒီစစ်ကာလမှာ ပြတ်တောက်တယ်လို့ ပြောလို့ရတယ်။ ဒီအခြေအနေတွေကတော့ အခြေအနေ အရပ်ရပ်အားလုံး ပါဝင်တယ်ပေါ့နော်။ တချို့ကတော့ တာဝါတိုင်၊ မီးတိုင်ရှိတဲ့နေရာမှာ လက်နက်ကြီး ကျပြီး‌တော့မှ ပစ္စည်းကရိယာတွေ ပျက်သွားတာမျိုး၊ နောက်တခုကျတော့ စစ်ကောင်စီဘက်က ပိတ်ပင်လိုက်တာမျိုး။ အဲလိုမျိုးတွေရှိတယ်။ အထူးသဖြင့် ဒေသခံလူထုတွေနဲ့ ဒေသခံလူထုတွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ ဖုန်းလိုင်း၊ အခြားသော လမ်းပန်းဆက်သွယ်ရေးတွေလည်း ရရှိအောင် ကျမတို့ ကြိုးပမ်းနေတာ” လို့ ပြောပါတယ်။

ဆက်လက်ပြီး ဆက်သွယ်ရေး ကိရိယာတွေရနိုင်ဖို့နဲ့ ဒီအခြေအနေတွေကို တည်ငြိမ်လာစေဖို့အတွက် TNLA အနေနဲ့ ဆွေးနွေးနေတာတွေ ရှိတယ်လို့လည်း ပြောခွင့်ရသူက ဆိုပါတယ်။

ဒါပေမဲ့ ဘယ်သူတွေ၊ ဘယ်အဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်ဆိုတာကိုတော့ အသေးစိတ်ထည့်သွင်း ဖြေကြားခဲ့တာမရှိပါဘူး။

ဒီအခြေအနေတွေဟာ စီးပွားရေးချွတ်ချုံကျပြီး စစ်ရှောင်ဘဝကို ရောက်နေရတဲ့ ဒေသခံလူထုတွေရဲ့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး အစစအရာရာကို ရည်ရွယ်ချက်ရှိရှိနဲ့ အကျပ်အတည်းဖြစ်အောင်လုပ်နေတာလို့ NUG ဘက်က သုံးသပ်ပါတယ်။

NUG သမ္မတရုံးပြောခွင့်ရသူ  ဦးကျော်ဇော်က  “ကျနော်တို့တွေကနေ ကူညီချိတ်ဆက်ပြီးတော့ တခြားနည်းပညာ၊ အဆင့်မြှင့်နည်းပညာတွေနဲ့ ချိတ်ဆက်ပေးနေတာ၊ အင်တာနက်တွေ ရအောင်လုပ်နေတာ၊ VPN တွေ သုံးလို့ရအောင် လုပ်ပေးနေတာ၊ ကူညီပေးနေတာတွေ ရှိနေပါတယ်။ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်ဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။ ကျနော်တို့မှာရှိတဲ့ ငွေကြေး၊ ရန်ပုံငွေအနေအထားအရ အကောင်းဆုံးဖြစ်အောင် လုပ်ကိုင်နေပါတယ်။ နိုင်ငံတကာကိုလည်း ဆက်သွယ်ရေးအတွက်ကူညီဖို့ ပြည်သူတွေ ဆက်သွယ်ရေးလမ်းကြောင်းအတွက် ဆက်သွယ်ရေးပစ္စည်းတွေ၊ ဆက်သွယ်ရေးနည်းပညာတွေ ပေးဖို့အတွက်လည်း ကျနော်တို့တွေ တောင်းဆိုနေပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေ သိမ်းပိုက်ခဲ့တဲ့ မြို့ရွာတွေကို တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်တွေမှုတွေကိုလည်း ပြုလုပ်နေကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။

ဖုန်းလိုင်း၊ အင်တာနက်နဲ့ လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေးတွေ ဖြတ်တောက်၊ ကန့်သတ်တာကို စစ်ကိုင်း၊ ကချင်နဲ့ ရခိုင်ဒေသမှာလည်း ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖုန်းလိုင်းနှင့် အင်တာနက်ဖြတ်တောက်မှု အကြိမ်ရေ ၃၀၁ ကြိမ်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်မှာတော့ ဩဂုတ်လ ၂ ရက်နေ့ထိဆိုရင် မြို့နယ် ၆၁ မြို့နယ်မှာ ဆက်သွယ်ရေးတွေ ပြတ်တောက်နေကြောင်း Myanmar Internet Project အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013