
ကမ္ဘာတဝန်း ရုံးသုံး၊ လုပ်ငန်းသုံး ကွန်ပျူတာပရိုဂရမ်တွေဖြစ်တဲ့ မိုက်ခရိုဆော့ဖ်ရဲ့ ဆော့ဖ်ဝဲ စနစ် တွေဟာ နိုဝင်ဘာ ၁၃ ရက်မှာ ကျယ်ကျယ်ပြန့်ပြန့် ပြတ်တောက်သွားခဲ့တာကြောင့် ဩစတြေးလျရဲ့ လျှို့ဝှက်ထောက်လှမ်းရေးလုပ်ငန်းနဲ့ ဖက်ဒရယ်ရဲတပ်ဖွဲ့တို့အပါအဝင် အဖွဲ့အစည်း အများအပြား ထိခိုက်ခဲ့ရပါတယ်။
ဒါကြောင့် အစိုးရအနေနဲ့ ဝန်ဆောင်မှုတွေကို အမြန်ဆုံး ပြန်ရရှိဖို့အတွက် အဲဒီကုမ္ပဏီနဲ့ ချုပ်ဆို ထားတဲ့ တရားဝင် ဆိုက်ဘာသဘောတူညီချက်တွေထဲက ပထမဆုံးစာချုပ်ကို အသက်သွင်း လုပ်ဆောင်ခဲ့ရပါတယ်။
ဒီချို့ယွင်းချက်ကြောင့် Microsoft 365၊ Outlook၊ Teams နဲ့ တခြားအက်ပ်တွေပါ ထိခိုက်ခဲ့ရပြီး ကမ္ဘာတဝန်းက သုံးစွဲသူတွေဟာ ဝန်ဆောင်မှုတွေကို နာရီပေါင်းများစွာ အသုံးမပြုနိုင်ဘဲ ဖြစ်ခဲ့ ရပါတယ်။
ဒါပေမဲ့ အရင် CrowdStrike ဖြစ်စဉ်တုန်းကလို တခြားဆက်စပ်စနစ်တွေ အများကြီးကိုပါ ဆင့်ကဲ ထိခိုက်သွားတာမျိုး မဟုတ်ဘဲ အခုတခေါက်မှာတော့ အီးမေးလ်စနစ်တွေကိုပဲ အဓိက ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ ကော်မရှင်နာ ကရစ်စီ ဘာရတ်ထ်က သူတို့ဌာန ထိခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သလို၊ ဩစတြေးလျလုံခြုံရေးဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ (ASIO) ညွှန်ကြားရေးမှူးချုပ် မိုက်ခ်ဘာဂျတ်စ်ကလည်း သူတို့အနေနဲ့ စနစ်အဆင့်ဆင့်နဲ့ အလုပ်လုပ်တာ ဖြစ်လို့ တစိတ်တပိုင်း ထိခိုက်မှုရှိခဲ့ပေမဲ့ အားလုံး ရပ်ဆိုင်းသွားတာမျိုးတော့ မဟုတ်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြပါတယ်။
ပြည်ထဲရေးဝန်ကြီး တိုနီဘာ့ခ်ကတော့ သတင်းစာရှင်းလင်းပွဲ မတိုင်ခင် ဆိုက်ဘာလုံခြုံရေး ညှိနှိုင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မီရှဲလ် မက်ဂင်းနက်စ်နဲ့ ဩစတြေးလျ Microsoft က ဂျိန်း လစ်ဗ်ဆီတို့ဆီကနေ နောက်ဆုံးရ အခြေအနေတွေကို မေးမြန်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
မိုက်ခရိုဆော့ဖ်ဘက်က ဒီပြတ်တောက်မှုဟာ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် မဟုတ်ဘဲ CrowdStrike တုန်းကလို ဆော့ဖ်ဝဲ အပ်ဒိတ်လုပ်ရာမှာ ချို့ယွင်းချက်တခုခု ဖြစ်သွားတာကြောင့်လို့ ယူဆထား ကြောင်း ဝန်ကြီးက ပြောပါတယ်။
ဒါ့အပြင် ဆော့ဖ်ဝဲ တမျိုးတည်းကို မမှီခိုဘဲ အမျိုးမျိုးခွဲသုံးဖို့က အရေးကြီးပေမဲ့ အဲဒီအချက်ကြောင့် ဩစတြေးလျနဲ့ မိုက်ခရိုဆော့ဖ်တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကောင်းမွန်တဲ့ လုံခြုံရေးဆိုင်ရာ လုပ်ငန်းတွေ ကိုတော့ လျှော့မတွက်သင့်ကြောင်းလည်း သူက ဖြည့်စွက်ပြောပါတယ်။
Source: Reuters











