DVB Logo
Home
နိုင်ငံတကာ
OIC အရေးပေါ်အစည်းအဝေး ကျင်းပ၊ တင်းမာမှုလျှော့ချရန် အမေရိကန် မျှော်လင့်
DVB
·
August 8, 2024
OIC အရေးပေါ်အစည်းအဝေး ကျင်းပ၊ တင်းမာမှုလျှော့ချရန် အမေရိကန် မျှော်လင့်
Donate to DVB

အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ အရေးပေါ်အစည်းအဝေးကို ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ့ သတ်ဖြတ်ခံရမှုနဲ့ အီရန်ရဲ့ တုံ့ပြန်ချက်ကို ဆွေးနွေးဖို့ အီရန်နိုင်ငံရဲ့ တောင်းဆိုချက်အရ သြဂုတ် ၇ ရက်က ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့မှာ ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ဂမ်ဘီယာနိုင်ငံခြားရေးဝန်ကြီး မာမာဒို တန်ဂါရာက “ဂါဇာကမ်းမြောင်ဒေသမှာ လတ်တလောဖြစ်ရပ်တွေနဲ့ တီဟီရန်မှာ ဇူလိုင် ၃၁ ရက် ဗုဒ္ဓဟူးနေ့က ပါလက်စတိုင်းဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်အစ္စမေးလ် ဟာနီယာ့ လုပ်ကြံသတ်ဖြတ်ခံရမှုတွေ ကြောင့် ငြိမ်းချမ်းရေးကို မြတ်နိုးသူတိုင်းရဲ့ စိတ်နှလုံးကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့ပြီ”လို့ ပြောပါတယ်။

ဒီဥပဒေမဲ့လုပ်ရပ်ဟာ ငြိမ်းချမ်းတဲ့ဖြေရှင်းမှုတခုအတွက် အလားအလာကို ပျက်ပြားစေရုံသာမက ဒီဒေသတွင်း တင်းမာမှုတွေကို ပိုမိုဆိုးရွားစေတယ်လို့လည်း ဆိုပါတယ်။

အီရန်နိုင်ငံရဲ့ မြေပေါ်မှာ နိုင်ငံရေးခေါင်းဆောင်တဦး လုပ်ကြံသတ်ဖြတ်ခံရမှုဟာ အီရန်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ရန်စချိုးဖောက်ခြင်း ဖြစ်တာကြောင့် ဒီအတိုင်း ကြည့်နေလို့မရတဲ့ ကိစ္စပါလို့ ဂမ်ဘီယာနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အီရန် ယာယီနိုင်ငံခြားရေးဝန်ကြီး အလီ ဘာဂယ်ရီ ကာနီ က ဟာနီယာ့ သတ်ဖြတ်ခံရမှုအပေါ် အီရန်ရဲ့တုံ့ပြန်မှုကတော့ သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့ပုံစံမျိုးနဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက ကြေညာချက်တရပ်မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ OIC အစည်းအဝေးမှာလည်း တင်းမာမှုတွေလျှော့ချဖို့ တောင်းဆိုမှာပဲလို့ မျှော်လင့်ထားပြီး အီရန်နဲ့ ဆက်ဆံရေးရှိတဲ့ အင်အားစုတွေ အားလုံးကလည်း အီရန်အပေါ် အထင်ကြီးနေကြတာကြောင့် ပဋိပက္ခကို အရှိန်မြှင့်ဖို့ ခြေလှမ်းတွေ မလုပ်သင့်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူး မစ်လာက သြဂုတ် ၆ ရက်မှာ ပြောပါတယ်။

ဒီ OIC အစည်းအဝေးကို တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ စကားဝိုင်းတိုင်းမှာလည်း တင်းမာမှုကို တိုးမြင့်လာခြင်းဟာ ဒေသတွင်း ရင်ဆိုင်နေရတဲ့ ပြဿနာတွေကိုသာ ပိုဆိုးလာစေနိုင်တယ်ဆိုပြီး အမှန်တကယ် ကျယ်ပြန့်တဲ့ သဘောတူညီမှုကို ကြားသိနေရပါတယ်လို့ မက်သယူးမစ်လာက ပြောသွားပါတယ်။

အီရန်နဲ့ ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်တို့ဟာ ဇူလိုင် ၃၁ ရက်က ဟာနီယာ့ရဲ့ လုပ်ကြံသတ်ဖြတ်ခံရမှုကို အစ္စရေးက လုပ်ဆောင်ခဲ့တာလို့ စွပ်စွဲထားတာဖြစ်ပြီး အစ္စရေးကလည်း ဒီအပေါ် တာဝန်ယူပြောကြားခြင်း မရှိသလို ငြင်းဆိုခြင်းလည်း မလုပ်ခဲ့ပါဘူး။

တီဟီရန်မှာ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ့နဲ့ ဘေရွတ်မှာ ဟစ်ဇ်ဘိုလာ စစ်ဦးစီးချုပ် ဖူဝဒ် ရှူကာတို့ လုပ်ကြံခံရမှုအတွက် လက်တုံ့ပြန်မယ်လို့ အီရန်နဲ့ ဟစ်ဇ်ဘိုလာတို့က ကတိပြုပြီးနောက် လာမယ့်ရက်တွေအတွင်း တိုက်ခိုက်မှု ဖြစ်လာဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013