DVB Logo
Home
မြန်မာသတင်း
ဓနုဖြူတွင် မိုးသည်းထန်ရေကြီးပြီး အိမ်ခြေ ၃၀၀ ‌ကျော် ရေဘေးသင့်
DVB
·
August 7, 2024
ဓနုဖြူတွင် မိုးသည်းထန်ရေကြီးပြီး အိမ်ခြေ ၃၀၀ ‌ကျော် ရေဘေးသင့်
1 / 9
Donate to DVB

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်ဟာ ဧရာဝတီမြစ်ကြီးနဲ့ ကပ်လျက်ရှိနေပြီး မြစ်ရေတက်လာတာနဲ့ စံချိန်တင် မိုးသည်းထန်စွာ ရွာနေခဲ့တာကြောင့် မြို့နယ်အတွင်းက မြစ်ကမ်းတလျှောက် ရွာတွေမှာ ရေလွှမ်းနေခဲ့တာဟာ ဩဂုတ် ၅ ရက်အထိဆို ၂ ပတ်ကျော် ကြာလာပြီ ဖြစ်ပါတယ်။

ဓနုဖြူမြို့ တဖက်ကမ်းမှာရှိတဲ့ စံကင်းရွာအုပ်စုအပိုင် စိုင်းစုရွာမှာတော့ မြစ်ရေဝဲတိုးလာခဲ့လို့ အိမ် ၁၈ လုံးအထိ အချိန်မီ ရွှေ့ပြောင်းခဲ့ရသလို စိုင်းစုရွာ၊ တာကြီးတန်း၊ တမံခင်းရွာတို့မှာ စုစုပေါင်း အိမ်ခြေ ၈၄ လုံး၊ လူဦးရေ ၃၀၀ ကျော်တို့ဟာ ရေဘေးသင့်နေကြပါတယ်။

စိုင်းစုရွာ တာဝန်ခံက “ရေတက်လာတဲ့အချိန်မှာ ဝဲတွေ တိုးတယ်ပေါ့။ အိမ်တွေကို အချိန်မီ ဖျက်ရတယ်။ လူတွေမပါအောင်လည်း ကယ်ဆယ်ရေးတွေ လုပ်ရတယ်။ တော်တော် ဒုက္ခရောက်ခဲ့ပါတယ်။ မိုးရေကြောင့် နစ်မြုပ်နေတာ ၁၄ လုံး။ ရေတိုက်စားမှုဒဏ်ခံခဲ့ရတာ ၁၈ လုံးပါ။ ရေဘေးသင့်အိမ်ထောင်စု ၈၀ ဝန်းကျင်လောက် ရှိပါတယ်။ အိမ်ဖျက်တဲ့သူ ဝဲထိုးတဲ့သူပါ ပါတယ်။ စုစုပေါင်းဒုက္ခရောက်တာ ၃၀၃ ဦး” လို့ ပြောပါတယ်။

အခုလို မြစ်ရေကြီးတာဟာ ၂၀၀၄ ခုက နောက်ဆုံးအကြိမ်ဖြစ်ပြီး နှစ် ၂၀ အကြာမှာ အခုလို ရေပြန်တက်လာတာပါ။

စိုင်းစုရွာက ရေဘေးသင့်လူဦးရေ ၃၀၀ ကျော်ဟာ ရွာပတ်ဝန်းကျင်ရှိ ဘုရားတန်ဆောင်းတွေမှာ အရေးပေါ် ပြောင်းရွှေ့နေထိုင်နေရသလို ရေလွတ်တဲ့နေရာတွေမှာ ယာယီတဲထိုးနေထိုင်ကြသူတွေလည်း ရှိပါတယ်။

ရွာခံတဦးက “၇ လပိုင်း ၁၃ ရက်နေ့က စပြိုတာပေါ့။ ကမ်းကြီးတွေ ပြိုတဲ့အချိန်မှာ တောင်ဘက်ကနေ စပြိုတာ၊ တောင်ဘက်က မိုးကောင်းဘုရားနားကနေ။ မိုးတွေလေတွေ တိုက်တဲ့ ည ၁၀ နာရီလောက်က ၅ အိမ်ဖျက်ရတယ်။ မနက်ကျတော့ တအိမ်ထပ်ဖျက်ရတယ်။ အခု ဆည်မြောင်းကနေ ပေးတဲ့နေရာလေးမှာ နေရတယ်။ ရေစီးကလည်းသန်တော့ အိမ်ကို အားချင်းဖျက်လိုက်ရတာ။ ကျေးရွာကနေတော့ ဆန်တို့ ထမင်းထုပ်လေးတွေ ငါးပိချက်လေးတွေ လာပေးပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ လောက်ကတော့ သိပ်မတိုက်စားဘူး။ ဒီနှစ်မှာ တော်တော်လေးကို ရွာခြေပါပျက်တာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် တတိယအပတ်တည်းက ရေလွှမ်းနေတာကြောင့် ဓနုဖြူမြို့နယ်၊ စံကင်းရွာအုပ်စုက စိုင်းစု၊ တာကြီးတန်း၊ တမံခင်း စတဲ့ ရွာတွေမှာ အိမ်ခြေ ၈၄ လုံး၊ လူဦးရေ ၃၀၀ ကျော်၊ နန်းတော်ကုန်းရွာအုပ်စုရှိ မြင်းစုရွာနဲ့ အေးသာယာရေလယ်ကျွန်းမှာ ၁၂၅ အိမ်၊ လူဦးရေ ၂၈၆ ဦး၊ အုန်းပင်ကွင်းရွာအုပ်စု ရေလဲကြီးရွာရှိ အိမ်ခြေ ၄၈ လုံး၊ လူဦးရေ ၂၄၁ ဦးနဲ့ ရွှေစင်ကျွန်းရွာမှာ အိမ်ခြေ ၅၀၊ လူဦးရေ ၁၈၉ ဦးအထိ ရေဘေးသင့်နေကြပါတယ်။

မြန်မာနိုင်ငံ အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးအဖွဲ့ ERTN ဧရာဝတီတိုင်းတာဝန်ခံက ၂၀၁၆ ခုနှစ်ကလည်း အခုလို ရေကြီးမှုနဲ့အတူ ကမ်းပြိုတာတွေ ရှိခဲ့တာကြောင့် ကမ်းထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြပြီး ၂၀၂၄ မှာ ဓနုဖြူမြို့အနေနဲ့ အန္တရာယ်ရေအမှတ်ကို မကျော်လွန်ခဲ့ပေမဲ့ မိုးနဲ့လေ များတာကြောင့် ကမ်းပါးအနီး နေထိုင်ကြတဲ့ လူနေအိမ်တွေ အပျက်အစီးတွေ ဒီနှစ်ပိုများတယ်လို့ ဆိုပါတယ်။

ဩဂုတ် ၅ ရက်အထိ ဆက်လက်ရရှိလာတဲ့ ကယ်ဆယ်ရေးမှတ်တမ်းတွေအရ ဓနုဖြူမြို့နယ်အတွင်းက ငဘအိုင်၊ အင်းတောကြီး၊ ပေါက်ကုန်းရွာ၊ ရေတိမ်၊ မက်ဆောက် စတဲ့ရွာတွေမှာ ရေဝင်ရောက်နေလို့ ဒေသခံတွေ အကူအညီ လိုအပ်နေကြရပါတယ်။

ရေလွှမ်းခံရတဲ့ရွာတွေမှာ နောက်ဆက်တွဲ ဖြစ်ပေါ်တတ်တဲ့ အခြေအနေတွေကို လင်းလက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက အခုလိုပြောပါတယ်။

“သဘာဝဘေးအန္တရာယ် ရေလွှမ်းမိုးမှုရဲ့ နောက်ဆက်တွဲအဖြစ် ဝမ်းရောဂါလည်း ဖြစ်နိုင်ပါတယ်။ ထိခိုက်ရှနာတွေလည်း ဖြစ်နိုင်ပါတယ်။ မြွေက ရေထဲ ရှိနိုင်ပါတယ်။ အဲဒီအတွက်ကို ကြိုတင်ပြင်ဆင်ပါတယ်။ သွားရင်းလာရင်းနဲ့ ကလေးလေးတယောက်က အမြင့်ကနေ ချော်ကျတော့ အဆစ်လွဲသွားတယ်။ ကြပ်စည်းပေးတယ်၊ ဆေးရုံကို အမြန်ဆုံးသွားဖို့ လုပ်ပေးတယ်။ နောက်တယောက်ကလည်း ခြေထောက်ခိုက်မိပြီး ခြေဆစ်လည်ပြီး လွဲသွားတယ်။ နောက် ဖန်ကွဲရှတယ်။ ရေထဲမှာ အဆိပ်ရှိတဲ့ အကောင်လေးတွေ ကိုက်နိုင်တယ်။ ဒေသခံတွေကို ဆေးရုံဆေးခန်း အမြန်ပြဖို့ အကြံပြုခဲ့ပါတယ်။”

ဇူလိုင် တတိယအပတ်ကနေ ဩဂုတ် ၆ ရက်အထိ ဧရာဝတီတိုင်းထဲမှာ ရေလွှမ်းမိုးထားတဲ့ မြို့နယ် ၁၈ မြို့နယ်ရှိနေပြီး ရွာပေါင်း ၇၀ ကျော်မှာ ရေဘေးသင့်အိမ်ထောင်စုတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံ အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးအဖွဲ့ - ERTN ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013