
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှာ ဧရာဝတီမြစ်ရေတိုက်စားပြီး စေတီ ၃ ဆူ ပြိုကျခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၃၁ ရက် မနက် ၇ နာရီဝန်းကျင်လောက်က ဓနုဖြူမြို့နယ်၊ ရေပေါက်ကျေးရွာမှာ ဧရာဝတီမြစ်ရေတိုက်စားပြီး အောင်ဗောဓိကပ်ကျော်ဘုရားဝန်းအတွင်းတည်ထားတဲ့ ဉာဏ်တော် ၉ တောင်ပြည့်၊ လုံးပတ်တော် ၂၀ ပေရှိတဲ့ စေတီ ၂ ဆူ၊ အမြင့် ၁၆ ပေကျော်ရှိတဲ့ မတ်တတ် ကိုယ်တော် ၁ ဆူတို့ ပြိုကျမြေခခဲ့တာလို့ ဆိုပါတယ်။
ဓနုဖြူမြို့နယ်ဒေသခံတယောက်က “စေတီတွေက မြစ်ကမ်းနဲ့နီးတယ်။ ဧရာဝတီမြစ်ထဲကိုပြိုကျ မြေခသွားတာ။ မြေသားပေတော်တော်များများ အရှိန်နဲ့ပြိုကျသွားတော့ တခါတည်းပါသွားတာ” လို့ပြောပါတယ်။
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြေသားအလျားပေ ၈၀ ကျော်၊ အနံ ၄ဝ ပေကျော် ပြိုကျခဲ့တာဖြစ်ပြီး လူ၊ လူနေအိမ်နဲ့ တိရစ္ဆာန်တွေ ထိခိုက်ပျက်စီးမှုမရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယအပတ်ကလည်း မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်မှာ ဧရာဝတီမြစ်ရေ တိုက်စားပြီး မြစ်ကမ်းပါးပြိုကျလာလို့ အခြေခံပညာအလယ်တန်းကျောင်းခွဲ တကျောင်း အရေးပေါ် ဖျက်သိမ်း ရွှေ့ပြောင်းခဲ့ရသေးတယ်လို့ သိရပါတယ်။










