DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ကိုတော်လှန်သည့် မြန်မာအမျိုးသမီးများအကြောင်း စာအုပ်မိတ်ဆက် 
DVB
·
August 7, 2024
စစ်အာဏာရှင်ကိုတော်လှန်သည့် မြန်မာအမျိုးသမီးများအကြောင်း စာအုပ်မိတ်ဆက် 
Donate to DVB

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်နေတဲ့ မြန်မာအမျိုးသမီးတွေအကြောင်းကို မီးမောင်းထိုးပြတဲ့  စာအုပ်မိတ်ဆက်ပွဲ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တက္ကသိုလ်မှာ ဩဂုတ် ၃ ရက်က  ပြုလုပ်ခဲ့ပါတယ်။

Invisible Yet Invincible Women Who Dare: Narratives of Myanmar's Women Warriors Fighting Against Dictators လို့ အမည်ပေးထားတဲ့ စာအုပ်မိတ်ဆက်ပွဲကို  စတုတ္ထအကြိမ်မြောက်ကျင်းပတဲ့ မြန်မာ့အရေးလေ့လာရေး နိုင်ငံတကာညီလာခံမှာ ပြုလုပ်ခဲ့တာပါ။

အဲ့ဒီစာအုပ်ကတော့ Thanakha International Gender Tekkatho တည်ထောင်သူ  ဒေါက်တာခင်မာမာကြည်က သုတေသနအဖွဲ့ရဲ့အကူအညီနဲ့ ရေးသားထားတာဖြစ်ပါတယ်။

ဒေါက်တာ ခင်မာမာကြည်က "ဒီစာအုပ်နာမည်အရ ဆိုလိုချင်တာက အမျိုးသမီးတွေဟာ ဦးဆောင်နေတယ်။ ဒါပေမဲ့ သူတို့တွေကို မမြင်ရဘူး ပျောက်ကွယ်နေတယ်။ ဒီတော့ ကျမက ဒီအမျိုးသမီးတွေရဲ့ ဘဝဇာတ်လမ်းတွေနဲ့ ဇာတ်ကြောင်းတွေကို မီးမောင်းထိုးပြချင်ခဲ့တယ်။ သူတို့ အများစုဟာ မြန်မာမှာ နေထိုင်နေကြပြီး ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်ကဆိုရင် အောင်မြင်တဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့ ဘဝကို ပိုင်ဆိုင်ခဲ့ဖူးကြတယ်။ ဒါပေမဲ့ ကျမက အာဏာမသိမ်းခင်နဲ့ သိမ်းပြီးနောက် သူတို့ရဲ့ ပြောင်းလဲသွားရတဲ့ဘဝတွေ၊ သူတို့ တော်လှန်ရေးထဲ ပါဝင်လာဖြစ်ပုံတွေကို ချိန်ထိုးကြည့်ချင်တယ်။ မြန်မာအမျိုးသမီးတွေရဲ့ သမိုင်းကြောင်းကို ဖြည့်စွမ်းနိုင်ဖို့ သူတို့ရဲ့ ဘဝဇာတ်ကြောင်းတွေကို ကျမက မှတ်တမ်းတင်ချင်ပါတယ်”လို့ ပြောပါတယ်။

ဒီစာအုပ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတွေ၊ နိုင်ငံရေးလွှတ်တော် အမျိုးသမီးအမတ်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေ၊ ဆရာမတွေနဲ့ တက္ကသိုလ်ဆရာမတွေ စသဖြင့်  အမျိုးသမီး ၁၀ ယောက်ရဲ့ အကြောင်းအရာတွေ ပါဝင်တာ ဖြစ်ပါတယ်။

ဒေါက်တာ ခင်မာမာကြည်က "သူတို့အားလုံးက ကျမကို သူတို့ရဲ့ မယုံကြည်နိုင်လောက်တဲ့ ဇာတ်လမ်းတွေ ဝေမျှပေးခဲ့ပြီး ကျမကို စိတ်အားတက်စေခဲ့တယ်။ ဒါကြောင့်ပဲ ဒီစာအုပ်ကို ထုတ်ဝေချင်ခဲ့ပါတယ်။ ကျမတို့တွေဟာ အမျိုးသမီးတွေနဲ့ သမိုင်းကို မှတ်တမ်းတင်နေပါတယ်” လို့ ပြောပါတယ်။

The Thanakha International Gender Tekkatho ဟာ သုတေသနအခြေပြု ပညာရေးဆိုင်ရာ ပဏာမခြေလှမ်းတခုဖြစ်ပြီး အမျိုးသမီးတွေကို ပညာပေးဖို့နဲ့ လှုံ့ဆော်ဖို့ ရည်ရွယ်ပါတယ်။

နောက်ထပ်စာအုပ်တအုပ်ကိုလည်း မကြာမီ ထုတ်ဝေတော့မှာဖြစ်ပြီး နွေဦး တော်လှန်ရေးမှာပါဝင်နေတဲ့ ပညာရှင်တွေအကြောင်းပဲ ဖြစ်ပါတယ်။

စောမင်းသိန်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013