DVB Logo
Home
မြန်မာသတင်း
ရမခ ဌာနချုပ် သိမ်းပိုက်ခံရမှု စစ်ကောင်စီအပေါ် အထိနာစေဟု စစ်ရေးအကဲခတ်များ သုံးသပ်
DVB
·
August 5, 2024
ရမခ ဌာနချုပ် သိမ်းပိုက်ခံရမှု စစ်ကောင်စီအပေါ် အထိနာစေဟု စစ်ရေးအကဲခတ်များ သုံးသပ်
Donate to DVB

စစ်ကောင်စီတပ်လက်အောက်ရှိ စစ်တိုင်း ၁၄ ခုထဲမှာ  တတိယမြောက် အင်အားအတောင့်တင်းဆုံး အဆင့်ရှိပြီး နေဝန်းနီတပ်လို့ စစ်တပ်အသိုင်းအဝိုင်းမှာ ဂုဏ်ယူပြောဆိုကြတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)  ကျဆုံးသွားတာဟာ စစ်ကောင်စီအပေါ် ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော အများကြီး အထိနာစေခဲ့တယ်လို့ စစ်ရေးလေ့လာသူတွေ သုံးသပ်ပါတယ်။

ဗကပတပ်တွေကို အကောင်းဆုံးခုခံနိုင်ခဲ့တဲ့ တပ်၊ စစ်တိုင်း ၁၄ ခုထဲက တတိယမြောက် အခိုင်အမာဆုံးတပ်၊ နေဝန်းနီတပ်လို့ စစ်တပ်အသိုင်းအဝိုင်းမှာ အမွှမ်းတင်ခဲ့တဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သြဂုတ် ၃ ရက်နေ့မှာပဲ MNDAA နဲ့ မဟာမိတ်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်ကောင်စီလက်ထက်မှာ ပမထဆုံး လက်လွှတ်လိုက်ရတဲ့ တိုင်းစစ်ဌာနချုပ်တခုအဖြစ် သမိုင်းမှတ်တမ်းဝင်သွားခဲ့တာပါ။ ရမခမှာ လက်အောက်ခံတပ်တွေ အပါအဝင် လူအင်အား ထောင်ပေါင်းများစွာ ရှိနေသလိုလက်နက်ကြီး၊ လက်နက်ငယ်များစွာလည်း ပိုင်ဆိုင်ထားတာကြောင့် အချိန်အတော်ကြာ တိုက်ခိုက်ရဖို့ ရှိတယ်လို့ ထင်ကြေးပေးခဲ့ကြပေမဲ့ လက်တွေ့မှာတော့ တလအတွင်း လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဇူလိုင်  ၃ ရက်က စတင်ပြီး ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းအဖြစ် လားရှိုးမြို့ကို MNDAA နဲ့ မဟာမိတ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီနောက် တပ်ရင်းတပ်ဖွဲ့တွေကို စတင်တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။

သြဂုတ် ၃ ရက်နေ့မှာ စစ်တိုင်းကြီးတခု လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်တိုင်းမှူး၊ ဒကစမှူးနဲ့ အရာရှိ၊ တပ်သား ထောင်နဲ့ချီပြီးလည်း လက်နက်ချ အညံ့ခံခဲ့ကြပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဟာ ဘယ်လောက်အထိ အရေးပါတဲ့ဌာနချုပ်လဲ။ ဘာကြောင့် မြန်မြန်ဆန်ဆန် ကျသွားခဲ့ရတာလဲ။ ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲလာရင် လားရှိုးကို အရင်စတိုက်မယ်ဆိုတာ အားလုံးသိနိုင်တဲ့ အခြေအနေဖြစ်ပေမဲ့ စစ်ကောင်စီအနေနဲ့ စစ်အင်အား ဖြည့်တင်းနိုင်စွမ်း မရှိခဲ့သလို ခံစစ်ပြင်ဆင်မှုတွေကို ကောင်းကောင်းမလုပ်နိုင်ခဲ့တာက ရမခ ကျဆုံးရတဲ့ အဓိကအချက်တွေထဲက တချက်လို့ CDM ဗိုလ်ကြီးဇင်ယော်က DVB ကို ပြောပါတယ်။

နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ ၁၀၂၇ ပထမပိုင်းရဲ့ ရိုက်ခတ်မှုတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်နည်းဗျူဟာတွေက ရမခအပေါ် သက်ရောက်မှုရှိခဲ့တာကြောင့်လို့ CDM ဗိုလ်ကြီးလင်းထက်အောင်ကလည်း ဆိုပါတယ်။

နောက်ထပ်အရေးကြီးဆုံးအချက်ကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်တိုက်ချင်စိတ် မရှိတော့တာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဉီးသန်းစိုးနိုင်က ပြောပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးခြင်းဟာ စစ်တပ်အပေါ် ဘယ်လောက်အထိ ရိုက်ခတ်မှုတွေ ဖြစ်စေနိုင်မလဲ။ စစ်တိုင်းတတိုင်းလုံး ဆုံးရှုံးသွားတာ ဖြစ်တဲ့အတွက် လက်အောက်ခံ၊ စခက၊ တပ်မဌာနချုပ် စတဲ့တပ်တွေကို ဆုံးရှုံးသွားတာဖြစ်လို့ အင်အားအရာမှာ အများကြီး ဆုတ်ယုတ်သွားမှာဖြစ်သလို စိတ်ဓာတ်ပိုင်းဆိုင်ရာအရလည်း အများကြီး ဆုံးရှုံးသွားမှာဖြစ်တယ်လို့ CDM ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

ဒီအောင်ပွဲကြောင့် တော်လှန်ရေးအင်အားစုတွေအတွက် အများကြီး အကျိုးအမြတ်ဖြစ်စေမှာဖြစ်ပြီး အထူးသဖြင့် ရမခဟာ နေပြည်တော်စစ်ရုံးချုပ်နဲ့ တိုက်ရိုက်ဆက်သွယ်တဲ့နေရာ ဖြစ်တာကြောင့် အရေးကြီးတဲ့ စစ်ရေးအချက်အလက်တွေကို တော်လှန်ရေးအင်အားစုတွေက ရရှိသွားမှာဖြစ်တာကြောင့် တန်ဖိုးကြီးတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်ကလည်း ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရမခဖြစ်စဉ်နဲ့ပတ်သက်လို့ တုံ့ပြန်သွားမယ်လို့ ပြောဆိုထားပါတယ်။

နေဝန်းနီတပ်လို့ ခေါ်တဲ့ ရမခ ကျဆုံးပြီးချိန်မှာတော့ သောကြာကြယ်တံဆိပ်နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဟာ ကျဖို့ အလားအလာ အများဆုံးတပ်လို့ စစ်ရေးအကဲခတ်တွေ သုံးသပ်နေကြပါတယ်။

ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013