DVB Logo
Home
မြန်မာသတင်း
ကျုံပျော်နှင့် ပင်လောင်း၌ ရေကြီးပြီး စိုက်ခင်းများပျက်စီး၊  မွန်ပြည်နယ် ရေဘေးသင့်သူများ အကူအညီလိုအပ်
DVB
·
August 5, 2024
ကျုံပျော်နှင့် ပင်လောင်း၌ ရေကြီးပြီး စိုက်ခင်းများပျက်စီး၊  မွန်ပြည်နယ် ရေဘေးသင့်သူများ အကူအညီလိုအပ်
1 / 3
Donate to DVB

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ဒါးကချောင်းရေ ဝင်ရောက်မှုကြောင့် လူနေအိမ် ၂၀၀ ကျော်နဲ့ သီးနှံစိုက်ဧက ၃၅,၀၀၀ အထိ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

သြဂုတ် ၁ ရက်ကနေ ၅ ရက်အထိ မိုးများပြီး ဒါးကချောင်းရေ မြင့်တက်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားလာတာကြောင့် ကျုံပျော်မြို့နယ်ထဲက နေအိမ် ၂၀၅ လုံးနဲ့ စပါးအပါအဝင် သီးနှံစိုက်ဧက ၃၅,၀၀၀ အထိ ရေနစ်မြုနေတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “ဒါးကချောင်းရေ မြင့်တက်နေတာ၊ ၁ ရက်နေ့လောက်ကတည်းက ရေစတက်လာတာ။ မိုးကမပြတ်တော့ ပိုဆိုးတယ်။ ရေက ကျကိုမကျတာ။ အိမ်တွေကော၊ သီးနှံတွေကော အကုန် ရေနစ်မြုပ်နေတာ” လို့ ပြောပါတယ်။

ဒါးကချောင်းရေ မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ပင်လုံရပ်ကွက်၊ အင်းရဲကျွန်းကျေးရွာ၊ ကျွန်းအင်းကျေးရွာ၊ အုန်းတောစုကျေးရွာ၊ စာဖြူစုကျေးရွာ၊ အိုင်ဒေါင့်ကျေးရွာ၊ သင်္ဃန်းချောင်းကျေးရွာ၊ သံလျက်စွန်းကျေးရွာ စတဲ့ကျေးရွာတွေက ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော်နဲ့ စပါးအပါအဝင် သီးနှံတွေ ရေနစ်မြုပ်နေတာလို့ ဆိုပါတယ်။

ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတယောက်က “လက်ရှိ နေအိမ် ၂၀၅ လုံးက ပြည်သူ ၈၀၁ ယောက်ကို ယာယီရေဘေးရှောင်ဖို့ ဘုန်းကြီးကျောင်းနဲ့ သူတို့ရဲ့ မိသားစုတွေရဲ့ နေအိမ်တွေကို ပြောင်းရွှေ့ပေးထားရတယ်။ ဒီဘက်မှာက ရေကပြန်တက်လာတာပါ။ မိုးပြတ်ရင်တော့ ရေပြန်ကျမယ် ထင်တာပဲ” လို့ ပြောပါတယ်။

အဲဒီဒေသတွေမှာ မိုးရွာသွန်းမှုများပြီး ဒါးကချောင်းရေ ဝင်ရောက်မှုကြောင့် ဒေသခံ တောင်သူ ၇,၀၈၉ ယောက်က စိုက်ပျိုးထားတဲ့ မိုးစပါး၊ ပီလောပီနံ၊ ငှက်ပျော၊ နနွင်း၊ စားကြံ၊ ပြောင်းဖူးနဲ့ ပိန်းဥစိုက်ခင်း စုစုပေါင်း ၃၅,၁၇၀ ဧက ရေဝင်နစ်မြုပ်နေတာလို့ သိရပါတယ်။

ဒါ့အပြင် အထက်တန်းနဲ့ အလယ်တန်း စာသင်ကျောင်းတွေ အပါအဝင် အခြေခံပညာ စာသင်ကျောင်း ၁၇ ကျောင်းကိုလည်း ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာလည်း မိုးများပြီး မြေပြိုမှုဖြစ်ပွားလို့ လက်ဖက်ခြံ ၁၀ ဧကကျော် ပျက်စီးသွားပြီး မြေနိမ့်ပိုင်းရှိ ပြောင်း၊ ခရမ်းချည်သီး၊ ငရုတ်သီးခြံ ဧက ၅၀ ကျော်လည်း ရေမြုပ်ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နန်းပန်းရွာ၊ ကုန်းစီရွာ၊ ရင်းမှီးရွာ၊ တောင်ထီဗွာရွာ စတဲ့ကျေးရွာနေ တောင်သူတွေရဲ့ လက်ဖက်ခြံတွေ မြေပြိုတဲ့အထဲ ပါသွားတယ်လို့ ဆိုပါတယ်။

လက်ဖက်ခြံပျက်စီးသွားတဲ့ ဒေသခံတဦးက “တောင်တွေပြိုတယ်၊ လက်ဖက်ခြံတွေပါ ပျက်စီးတယ်။ လက်ဖက်ပင်တပင်ဖြစ်ဖို့ဆိုတာ အရမ်းခက်ခဲတယ်။ နှစ်ရှည်ပင်လည်းဖြစ်တော့ တော်တော်ပြုစုရတယ်။ ဆုံးရှုံးမှုတော့ များတာပေါ့။ ကိုယ်တယောက်တည်း ဖြစ်သွားတာ မဟုတ်ဘူး၊ သဘာဝဘေးဆိုတော့ ရှောင်လွှဲမရဘူးလေ” လို့ ပြောပါတယ်။

မြေနိမ့်ပိုင်းနေရာတွေမှာ ဇူလိုင်လ နောက်ဆုံးပတ်ကတည်းက ရေဝင်ပြီး သြဂုတ် ၄ ရက်အထိ ရေမကျသေးလို့ တောင်သူတွေစိုက်ပျိုးထားတဲ့ သီးနှံပင်တွေ ပျက်စီးခဲ့ရတယ်လို့ ပြောပါတယ်။

နောက်ထပ်တောင်သူတဦးကလည်း “ရေမြုပ်တာ တပတ်ကျော်ပြီဆိုတော့ ပျက်စီးသွားပြီ။ မြေသြဇာဖိုး၊ အရင်းအနှီး စိုက်ထုတ်ခဲ့တာ အကုန်ဆုံးရှုံးရတယ်” လို့ ပြောပါတယ်။

ပင်လောင်းဒေသခံတွေဟာ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး  နှစ်ရှည်ပင်အဖြစ် လက်ဖက်၊ ကော်ဖီ၊ ထောပတ်ပင်တွေကို အဓိကစိုက်ပျိုးပြီး ရေတိုကိုတော့ ဂေါ်ဖီထုပ်၊ ပြောင်း၊ ငရုတ်သီး၊ ခရမ်းချဉ်သီး၊ အာလူးတွေ အဓိကစိုက်ပျိုးကြတယ်လို့ ဆိုပါတယ်။

ပင်လောင်းမြို့နယ်  ကျေးရွာအုပ်စု ၈ အုပ်စုမှာ  လက်ဖက်ကို အဓိကစိုက်ပျိုးကြပြီး လက်ဖက်စိုက်ဧက ၄,၅၂၆ ဧကခန့်ရှိကာ တဧက ပျမ်းမျှ လက်ဖက်ရွက်စိမ်း ၆၀၀ ပိဿာခန့် ထွက်ရှိပြီး တနှစ်ကို လက်ဖက်ရွက်စိမ်း ၂ ဒသမ ၇ သန်း ပိဿာခန့် ထွက်တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်က မြို့နယ်တချို့မှာ လက်ရှိအချိန်ထိ ရေမကျသေးဘဲ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာကြောင့် ဒေသခံတွေအတွက် အစားအသောက်နဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေပါတယ်။

မွန်ပြည်နယ်အတွင်းက မြစ်ရေတက်နေတဲ့ မြို့နယ်တချို့မှာ ၁၀ ရက်ကျော်ကြာတဲ့အထိ မြစ်ရေမကျသေးဘဲ ရေကြီးရေလျှံနေတယ်လို့ ဒေသခံတွေနဲ့ ပရဟိတသမားတွေက ပြောပါတယ်။

ကျိုက်မရောမြို့နယ်မှာ ဇူလိုင် ၂၅ ရက်ကတည်းက မိုးသည်းထန်စွာရွာသွန်းပြီး အတ္တရံမြစ်ရေတက်လာတဲ့အတွက် ကျိုက်မရောမြို့ပေါ်က နေရာတချို့အပါအဝင် မြစ်ကမ်းဘေးကျေးရွာ ၁၁ ရွာမှာ ဩဂုတ်လ ပထမပတ်အထိ ရေပြန်မကျသေးဘဲ အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ကျိုက်မရောမြို့နယ် ငပြေမရွာသားတဦးက ပြောပါတယ်။

ကျိုက်မရောမြို့နယ် နောက်ထပ်တပတ်လောက်အထိ ရေထပ်ကြီးနိုင်ပြီး မြစ်ကမ်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေက စာသင်ကျောင်း ၂၅ ကျောင်းကို ဇူလိုင် ၂၉ ရက်ကစပြီး ယာယီပိတ်ထားတယ်လို့ ကျိုက်မရောမြို့နယ် ပညာရေးမှူးရုံးဆီက သိရပါတယ်။

မြစ်ရေကြီးတဲ့ မြို့နယ်တွေမှာ ကားလမ်းတွေရေကျော်တာကြောင့် သွားလာရေးမှာ အခက်အခဲတွေ ဖြစ်နေတယ်လို့  ကျိုက်မရောမြို့ရေဘေးကူညီပေးသူတဦးက ပြောပါတယ်။

မွန်ပြည်နယ်မှာ ဇူလိုင် ၂၀ ရက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ကျေးရွာရပ်ကွက်ပေါင်းရာချီရဲ့ နေအိမ်တွေအတွင်း ရေဝင်ရောက်လာတဲ့အတွက် ပြည်သူသောင်းနဲ့ချီပြီး ရေးဘေးသင့်နေပါတယ်။

သထုံမြို့နယ်မှာလည်း မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ဇူလိုင် ၂၅ ရက်က စပြီး ဒုံသမိမြစ်ရေတက်လာတဲ့အတွက် သထုံ-ဘားအံကားလမ်းနဲ့ အာရှလမ်းတလျှောက်မှာရှိတဲ့ ကျေးရွာ ၂၀က ဒေသခံထောင်နဲ့ချီပြီး ရေနစ်မြုပ်နေကာ အကူအညီတွေလည်း လိုအပ်နေတယ်လို့ ရေဘေးကူညီပေးနေသူတွေက ပြောပါတယ်။

ဘီးလင်းမြို့နယ်၊ ရေးမြို့နယ်၊ ပေါင်မြို့နယ်နဲ့ သံဖြူဇရပ်မြို့တွေမှာတော့ ဩဂုတ် ၂ ရက်ကစပြီး ရေပြန်ကျသွားတဲ့အတွက် ရေဘေးရှောင်စခန်းတွေမှာ ခိုလှုံနေတဲ့ ရေဘေးဒုက္ခသည် ၃၀၀၀ ကျော်ဟာ သူတို့ရဲ့နေအိမ်ကို ပြန်သွားကြပြီးလို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဩဂုတ် ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကမ္ဘာကြီး ပူနွေးလာမှုရဲ့ အကျိုးဆက်အဖြစ် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ ရာသီဥတုပြောင်းလဲမှုတွေက  ရေကြီး/ရေလွှမ်းမိုးခြင်းဖြစ်စဉ်တွေကို တနှစ်ထက်တနှစ် ပိုမို ပြင်းထန်လာစေပြီး အကြိမ်ရေ ပိုများလာနိုင်တယ်လို့ ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ လေ့လာသူတွေက သတိပေးထားပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013