DVB Logo
Home
မြန်မာသတင်း
တကောင်းနီကယ်စီမံကိန်းအတွက် ကျောက်မီးသွေးတင်ပို့မှု စစ်ကောင်စီ ရပ်ပစ်
DVB
·
August 4, 2024
တကောင်းနီကယ်စီမံကိန်းအတွက် ကျောက်မီးသွေးတင်ပို့မှု စစ်ကောင်စီ ရပ်ပစ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ တကောင်းနီကယ်စီမံကိန်းကို PDF တွေက ဇူလိုင်လကုန်ပိုင်းမှာ ထိန်းချုပ်ခဲ့ပြီးနောက် စစ်ကောင်စီက စီမံကိန်းလည်ပတ်ရာမှာလိုအပ်တဲ့ ကျောက်မီးသွေးလောင်စာ တင်ပို့တာကို ရပ်ဆိုင်းထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

စီမံကိန်းကို PDF တွေက တိုက်ခိုက်သိမ်းယူခဲ့တာမဟုတ်ဘဲ စီမံကိန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေက အညံ့ခံခဲ့တာကြောင့် ထိန်းချုပ်နိုင်ခဲ့တာလို့ NUG သမ္မတရုံးတာဝန်ရှိသူက အတည်ပြုထားပြီး လက်နက်ချအညံ့ခံခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို PDF တွေက လိုအပ်တဲ့ အကူအညီပေးပြီး ဘေးလွတ်ရာကိုလွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက တရုတ်စီမံကိန်းလုံခြုံရေးတာဝန်ကို လက်လွှတ်ရပြီးနောက် စီမံကိန်းအတွက် အရေးပါတဲ့ ကျောက်မီးသွေးတွေကို ဆက်လက်မတင်ပို့တော့ဘဲ ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့လုပ်ရပ်ဟာ PDF တွေ စီမံကိန်းကိုထိန်းချုပ်ပြီးနောက်ပိုင်းမှာ လုပ်ငန်း ဆက်မလည်ပတ်နိုင်ဘဲ အကြပ်ရိုက်စေနိုင်တဲ့အခြေအနေဖြစ်နေတာပါ။

ထီးချိုင့်နယ်၊တကောင်းဒေသခံတယောက်က “လက်နက်အပ်ပြီးမှသူတို့ ဒီဘက်က လိုအပ်တဲ့ ထောက်ပံ့မှုလေးတွေပေးပြီးမှ ပြန်လွှတ်လိုက်ပေးပြီးပါပြီ။ အဲ့ဒီဖြစ်စဉ်ပြီးသွားပြီပေါ့နော်။ အသေးစိတ်ပြောလို့ကတော့ ဒီအချိန်ကသိပ်အဆင်မပြေလို့ပါဗျာ။ မြေပြင်မှာတော့ အကုန်လုံးက အဆင်ပြေသွားပြီ အဲဘက်တလျှောက်လုံးက ပြည်သူတွေက အကုန်လုံး လွတ်လွတ်လပ်လပ် သွားလာနေကြပြီပေါ့။ ဒါပေမဲ့ တချက်က အဲဒီနီကယ်မှာ လည်ပတ်ရမယ့် ကျောက်မီးသွေးတွေက မန္တလေးကနေ ဒီဘက်ကို စစ်ကောင်စီက အတက်မခံဘူးလို့ ပြောတယ်။ ဘယ်လို ညှိထားတယ်၊ ဘာတွေ သဘောမကျတယ်၊ ဘယ်လိုဖြစ်တယ်ဆိုတာ အသေးစိတ်တော့မသိဘူးပေါ့နော်။ စက်ရုံထဲမှာ အခုအတိုင်းဆိုရင်တော့ ရှေ့ဆက်ပြီးတော့ သူ လည်လို့အဆင်ပြေပါတော့မလား မသိသေးဘူးပေါ့နော်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေအရ စစ်ကောင်စီက သူတို့ပိုင်နက်နေရာတခုကို စွန့်လွှတ်ရရင် လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ စစ်ကြောင်းပြန်ထိုးဖို့ကြိုးစားတာတွေလုပ်လေ့ရှိခဲ့ပေမယ့် တကောင်းနီကယ်တရုတ်စီမံကိန်းကို လက်လွှတ်ရပြီးနောက်မှာတော့ အဲဒီလို လက်တုံ့ပြန်တာတွေ မပြုလုပ်ခဲ့ပါဘူး။

တကောင်းဒေသခံတယောက်က “လောလောဆယ်ဒီမှာရှိတဲ့ စစ်ကောင်စီတပ်တွေက တုံ့ပြန်တာတော့မရှိဘူးဗျ။ ရှိတာက မောင်းကုန်းအထက်က မြတောင်သွားတဲ့ ကက္ကူလမ်းဆုံမှာတချက် မြတောင်မှာတချက်၊ နောက် ထီးချိုင့်တောင်ပေါ်နဲ့ တံတားတလျှောက်မှာ တချက်ရှိတာဆိုတော့ တုံ့ပြန်မှုတော့ ဘာမှမရှိဘူး။ သူ့ဟာနဲ့သူတောင် သူက လုံအောင်နေဖို့ခက်နေတဲ့အနေအထား၊ မြို့နယ်ထဲမှာတော့ သူလက်ရှိ ရှိနေတဲ့နေရာကနေ အပြင်ထွက်တာတော့ လုံးဝမရှိပါဘူး။ ထွက်ဖို့အသာထား၊ သူတို့ အဲမှာရပ်တည်ဖို့တောင်မလွယ်တော့လို့ ဒီနီကယ်က အခုလိုဖြစ်သွားတာကိုး။ နီကယ်အောက်ဘက်က အင်းနက်ကို သိမ်းလိုက်လို့ သူတို့ဒီလိုဖြစ်သွားတာကိုး။ လက်ရှိအနေအထားကတော့ ထွက်တာမရှိပါဘူး။ ဘာမှမလုပ်ပါဘူး။ သူတို့ ဘယ်လိုရုန်းထွက်မလဲဆိုတာ သူတို့ စဉ်းစားရမယ်။ အားလုံးက ဝိုင်းဝန်းပိတ်ဆို့ထားပြီကို။ လေယာဉ်အန္တရာယ်ကတော့ ပြောလို့ မရဘူးပေါ့နော်။ ခုချိန်တော့ သူတို့ဘက်ကလည်း မထွက်ဘူး၊ လေယာဉ်လာတာလည်း မရှိဘူးဗျ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်စီမံကိန်းအနီး ကျေးရွာတွေကိုတော့ စစ်ကောင်စီက အင်အားသုံးထိန်းချုပ်ထားဆဲဖြစ်ပြီး တရုတ်ကုမ္ပဏီကလည်း ကြေးနီထုတ်လုပ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

၂၀၂၃ နှစ်ဆန်းပိုင်းတုန်းက ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ အလုပ်ပြန်လုပ်ဖို့ ဒေသခံ ကျွမ်းကျင် လုပ်သားဟောင်းတွေကို အရင်ကလစာထက် ၂ ဆ ၃ ဆပိုပေးပြီး ကုမ္ပဏီက ပြန်ခေါ်ကာ လုပ်ငန်းတွေဆက်လက်လည်ပတ်ခဲ့တာပါ။

မုံရွာသပိတ်ဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက “လက်ပံတောင်းတောင် ဝမ်ပေါင် စီမံကိန်းတွေကတော့ သူတို့ ဆက်လက်လည်ပတ်ပြီးတော့ ကြေးနီတွေထုတ်နေတယ်။ ဆက်လက် သယ်နေတယ်ပေါ့နော်။ ဒါတွေကလည်း ဒေသခံတော်လှန်ရေးအဖွဲ့တွေရော ဒေသခံ ပြည်သူလူထုကရော ဒါမျိုးတွေဆက်မလုပ်ဖို့ တောင်းဆိုထားတာတွေရှိပါတယ်။ ခုထိကတော့ သူတို့စီမံကိန်းကတော့ ဆက်လက်လည်ပတ်ပြီးတော့ ကြေးနီတွေလည်း အရှိန်မြှင့်ပြီးတော့ တိုးမြှင့်ပြီးတော့ထုတ်နေတာကို ကျနော်တို့တွေ့ရပါတယ်” လို့ ပြောပါတယ်။

တကောင်းနီကယ်စီမံကိန်းနယ်မြေအနီးတဝိုက်မှာ ၂၀၂၃ ဇန်နဝါရီလကတည်းက PDF တွေနဲ့ စစ်ကောင်စီတို့ ထိတွေ့မှုတွေရှိခဲ့ပြီး စီမံကိန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုးမလုပ်ဖို့ NUG က ဒေသတွင်း PDF တွေကို စည်းကမ်းသတ်မှတ်ထိန်းချုပ်ခဲ့ပါတယ်။

လက်ပံတောင်းတောင်စီမံကိန်းအနီးမှာလည်း အလားတူထိတွေ့မှုတွေရှိခဲ့ပြီး စစ်ကိုင်းဒေသတွင်း တရုတ်ရဲ့အကျိုးစီးပွားရေးတွေကို အမှန်တကယ်ထိန်းသိမ်းချင်တယ်ဆိုရင် တော်လှန်ရေး အင်အားစုတွေကို အသိအမှတ်ပြုဆက်ဆံဖို့ တိုက်တွန်းတောင်းဆိုမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

တကောင်းနီကယ်စီမံကိန်းကို ထိန်းချုပ်ပြီးနောက် တရုတ်အစိုးရနဲ့ဆွေးနွေးမှုတွေရှိနေပေမယ့် သံတမန်ရေးအရ ဆွေးနွေးချက်တွေနဲ့ ၂ ဖက်လိုလားချက်တွေကို NUG ဘက်က ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013