
ဗိုလ်နှုတ်ခမ်းမွှေးအပါအဝင် ကနီကျောက်လုံးကြီးတပ်ဖွဲ့ဝင် ၃ ယောက်ကို ယင်းမာပင်ခရိုင် ကွပ်ကဲရေးက ထိန်းသိမ်းထားတာ ၂ လ ကျော်လာတဲ့အထိ ပြန်မလွှတ်ပေးသေးပါဘူး။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ထနောင်းပကားရွာ အနောက်ဘက်မှာရှိတဲ့ ပြဿဒ်ကျောင်းက ကျောင်းထိုင်နဲ့ အခန်းနေ အသက် ၅၀ ကျော်နဲ့ ၆၀ ဝန်းကျင်ရှိတဲ့ ဘုန်းတော်ကြီး ၂ ပါးကို ကနီကျောက်လုံးကြီးအဖွဲ့က ဇန်နဝါရီ ၂၅ ရက်မှာ ဖမ်းဆီးခဲ့တာပါ။
အဲ့ဒီလိုဖမ်းဆီးမှုကြောင့် ဒေသခံပြည်သူတချို့က ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ပြီး ဒေသတွင်း မတည်ငြိမ်မှုဖြစ်စေတဲ့အကြောင်းပြချက်နဲ့ ကနီမြို့နယ်၊ ကျောက်လုံးကြီးတပ်ဖွဲ့ဝင် ဗိုလ်နှုတ်ခမ်းမွှေး၊ ကိုမိုးကြိုးနဲ့ ကိုလေပွေတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ယင်းမာပင်ခရိုင်ကွပ်ကဲရေးက ယာယီထိန်းသိမ်းခဲ့ပါတယ်။
ထနောင်းပကားရွာ၊ ပညာရေးတာဝန်ခံ ကျောင်းဆရာမကြီးကိုလည်း လုံခြုံရေးအရ ခရိုင်က ယာယီ ထိန်းသိမ်းထားပါတယ်။
ထနောင်းပကားရွာသားတယောက်က "ရပ်ရွာဆူပူမှုရှိလို့ဆိုပြီး ခဏထိန်းသိမ်းတာကနေ အခုထက်ထိ လွှတ်သံမကြားသေးဘူးဗျ၊ ဗိုလ်နှုတ်ခမ်းမွှေးတို့ ကိုလေပွေတို့ ကိုမိုးကြိုးတို့ဆိုတာ တော်လှန်ရေးစကတည်းက၊ NLD စကတည်းက ရပ်ရေးရပ်ရွာမှာ သူတို့ ကျောင်းတွေဖွင့်ပေးတယ်၊ မီးရအောင်လုပ်ပေးတယ်၊ ရွာထဲမှာအကုန်လုံး သူတို့ အစစအရာရာပေါ့၊ ကိုဗစ်တုန်းကလည်း ကိုဗစ်မို့ သူတို့ စွမ်းဆောင်လုပ်ခဲ့ပါတယ်။ အဲ့ဒါတွေ တရွာလုံးသိပါတယ်၊ ဒီလောက် စွမ်းဆောင်လုပ်တဲ့ ခေါင်းဆောင်တွေကို ဖမ်းတယ်ဆိုတော့ တော်လှန်ရေးက လုပ်ချင်စိတ်ရှိမှာ မဟုတ်တော့ဘူးဗျ သူတို့အနေနဲ့လည်း။ လောလောဆယ်ဖမ်းတာက ခရိုင်စစ်ဒေသက ဖမ်းတာလို့ပြောတယ်ဗျ။ ပြန်လွှတ်မယ်မလွှတ်ဘူးဆိုတာတော့ ကျနော်တို့ဘာမှမသိရသေးဘူး၊ ဒါပေမဲ့ ဘာမှတော့ အပြစ်မရှိဘူး ခဏထိန်းသိမ်းထားတာလို့တော့ ပြောတယ်ဗျ၊ ဒါပေမဲ့ ခဏထိန်းသိမ်းထားတာကလည်း ၂ လကျော် ၃ လပိုင်းထဲရောက်တော့မယ်”လို့ ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင်ကွပ်ကဲရေးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမဲ့ တုံ့ပြန်ဖြေဆိုတာမရှိသေးပါဘူး။
ထနောင်းပကားရွာမှာ အိမ်ခြေ ၈၀၀ ကျော် ၉၀၀ နီးပါးရှိပြီး ကျောက်လုံးကြီးတပ်ဖွဲ့က ဖမ်းဆီးပြီး ခရိုင်ကိုလွှဲထားတဲ့ ဘုန်းတော်ကြီး ၂ ပါးကို ရွာခံ ၃ပုံ ၁ ပုံလောက်က ထောက်ခံကိုးကွယ်ကြပါတယ်။
ဘုန်းတော်ကြီး ၂ ပါးဖမ်းဆီးခံရပြီးနောက် PDF တွေက သတ်ဖြတ်ပစ်လိုက်ပြီဆိုပြီး ဆန္ဒပြပွဲတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။ ဘုန်းတော်ကြီး ၂ ပါးကို ရိုးရိုးဖမ်းဆီးတာမဟုတ်ဘဲ ဓါးပြတိုက်ပြီးမှ ဖမ်းဆီးတာလို့လည်း ဆိုကြပါတယ်။
ဒီဆန္ဒပြမှုမှာတွေမှာပါဝင်သူတွေဟာ တော်လှန်ရေးကို အစကတည်းထောက်ခံ အားပေးသူတွေမဟုတ်ဘူးလို့ ကျောက်လုံးကြီးတပ်ဖွဲ့ခေါင်းဆောင်က ဖြေရှင်းပါတယ်။
ဘုန်းတော်ကြီး ၂ ပါးဟာ မူးယစ်သောက်စားတာတွေ မပြတ်ပြုလုပ်ခဲ့သလို ဝိနည်းနဲ့အညီနေထိုင်သူတွေမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ကျောက်လုံးကြီးတပ်ဖွဲ့ခေါင်းဆောင်တယောက်က "သက်ဆိုင်ရာဖြစ်တဲ့ခရိုင်ကွပ်ကဲရေးထံအပ်နှံ ထားပါတယ်။ ဒီဘုန်းကြီးတွေကြောင့် ရွာကြီးကလည်း အုပ်ချုပ်ရေးတွေမှာ အဆင်မပြေသလို ပညာရေးမှာလည်း သင်ကြားလို့မရအောင်အထိ အနှောင့်အယှက်တွေကြုံတွေ့နေ တာဖြစ်တဲ့ အတွက် ရပ်ရွာပညာရေးအဖွဲ့အစည်း၊ ဂေါပကအဖွဲ့အစည်း၊ တော်လှန်ရေးအသိုက်အဝန်းတွေ ကနေပြီးတော့ အကြိမ်ကြိမ်လက်မှတ်ထိုးပြီးတော့ တောင်းဆိုလို့ ဖမ်းဆီးလိုက်ရခြင်းဖြစ်ပါတယ်။ သက်ဆိုင်တဲ့ သံဃနာယကအဖွဲ့ အစည်းတွေအထိ အားလုံးပေါ့နော် တိုင်ကြားခဲ့တာလည်း ဖြေရှင်းဆောင်ရွက်မှုမရှိခဲ့ဘူး၊ တော်လှန်ရေး ၅ နှစ်တာကာလလုံးပေါ့ ဘယ်အကြောင်းအရာနဲ့ ပတ်သက်လို့မှ ခရိုင်အဆင့်အထိတင်တောင် ဘယ်သူကမှ ဖြေရှင်းဆောင်ရွက်ခြင်း မပြုတာတွေပါ။ အဲ့ဒီကနေပြီးတော့ ကျောက်လုံးကြီးအဖွဲ့ကို တိုင်းကြားတဲ့အပေါ်မှာလည်း စိစစ်ပြီးမှ ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ ဖမ်းဆီးဖို့ဆောင်ရွက်တဲ့ တပ်ရင်း ၂၂ က မိုးကြိုးကိုလည်း ဖမ်းဆီးထားပါတယ်။ တော်လှန်ရေးကိုဆက်သွားနိုင်ဖို့က ထိပ်တိုက်ဖြေရှင်းပြီးတော့ လုပ်စေချင်ပါတယ်။ ပညာရေး ဒီဆရာမကြီးကိုလည်း ဆန္ဒပြတဲ့ပြည်သူတွေက ဘာအပြစ်မှမရှိဘဲ ကျောင်းထဲအထိ ဝင်ရောက်ဖမ်းဆီးတာတွေရယ်၊ နောက်ပြီးတော့ လေပွေရယ် နှုတ်ခမ်းမွှေးရယ်ကိုလည်း ဘာအပြစ်မှမရှိဘဲ ခရိုင်ကထိန်းသိမ်းထားခြင်းတွေကလည်း တော်လှန်ရေးလုပ်နေတဲ့ ရဲဘော်တွေအပေါ်ကို စည်းမျဉ်းစည်းကမ်းလေးတခုနဲ့တောင်ပဲ NUG အနေနဲ့ ကာကွယ်ပေးခြင်းတွေ မလုပ်နိုင်ပါဘူး၊ ဒီအတိုင်းသာ ဒီလိုပစ်ထားမယ်ဆိုရင် မီဒီယာအပေါ်တက်တိုင်းသာ ဒီလိုလုပ်မယ်ဆိုရင် တော်လှန်ရေးလုပ်နေရတာက လမ်းပိတ်နေသလို ခံစားရတာပေ့ါ။"
ကနီမြို့နယ်ဟာ နွေဦးတော်လှန်ရေးအစကတည်းက လက်နက်ကိုင်အစုအဖွဲ့အများအပြား ပေါ်ပေါက်ခဲ့တဲ့ဒေသဖြစ်ပြီး ဒေသတွင်းပြဿနာအများအပြားရှိခဲ့ပါတယ်။
၂၀၂၄ နိုဝင်ဘာ ၄ ရက် ညပိုင်းမှာ ကနီမြို့နယ်ပညာရေးတာဝန်ခံ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ CDM ကျောင်းဆရာ ဦးဝင်းဌေး၊ ဇနီးနဲ့ ၃ လအရွယ် သမီး၊ မိသားစု ၃ ယောက်စလုံး တပုန်းကျေးရွာနေအိမ်မှာ အသတ်ခံရတဲ့အမှုဟာ လက်ရှိအချိန်အထိ လက်သည်မပေါ်ခဲ့ပါဘူး။
၂၀၂၅ ဩဂုတ် ၂၄ ရက်နေ့ညပိုင်းမှာ ကနီမြို့နယ် ပအဖတာဝန်ခံအပါအဝင် ၁၃ ယောက်ကို NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ယင်းမာပင်ခရိုင် ကွပ်ကဲရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နောက်ပိုင်းမှာ အရေးယူဆောင်ရွက်မှု နောက်ဆက်တွဲသတင်းတွေ တိတိပပမရှိခဲ့ပါဘူး။
ဖမ်းဆီးစဉ်တုန်းကတော့ ငွေကြေးအလွဲသုံးစားမှု၊ အဂတိလိုက်စားမှု အပါအဝင် တခြားစွပ်စွဲခံရတဲ့ အမှုအများအပြား ရှိနေတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ ဒေသ PDF တာဝန်ရှိသူတယောက်က ပြောဆိုခဲ့ပါတယ်။
သုတချမ်းသာ










