DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင် ဇူလိုင်လအတွင်း စစ်သား အယောက် ၅၀ သေ၊ သပိတ်ကျင်း၊ ချောင်းကြီးရဲစခန်းကို သိမ်းပိုက်
DVB
·
August 4, 2024
ကရင်နီတွင် ဇူလိုင်လအတွင်း စစ်သား အယောက် ၅၀ သေ၊ သပိတ်ကျင်း၊ ချောင်းကြီးရဲစခန်းကို သိမ်းပိုက်
Donate to DVB

ကရင်နီပြည်မှာ ဇူလိုင်လအတွင်းဖြစ်ခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား အယောက် ၅၀ သေဆုံးပြီး စခန်း ၅ ခုကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဩဂုတ် ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇွန်လကတည်းက လွိုင်ကော်မြို့ထဲကို အင်အားဖြည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဇူလိုင် ၄ ရက်နေ့ကစလို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့ပါတယ်။

ရှမ်းပြည်တောင်ပိုင်းကနေ ကရင်နီပြည်ဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် ပူးပေါင်း အင်အား ၅၀၀ ကျော်နဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အယောက် ၂၀ နီးပါးသေဆုံးပြီး စစ်ကောင်စီအထိုင်စခန်းကုန်း ၁ ခုနဲ့ ရဲစခန်းတို့ကို သိမ်းပိုက်မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ဖယ်ခုံမြို့နယ်ဘက်မှာလည်း PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းနဲ့ တိုက်ပွဲတွေဖြစ်လို့ စစ်ကောင်စီတပ်ဘက်က အယောက် ၃၀ သေဆုံးခဲ့ပြီး စခန်းကုန်း ၂ ခုနဲ့ စစ်ဆေးရေးဂိတ် ၁ ခုတို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

KNDF ဗဟိုပြန်ကြားရေးတာဝန်ခံက “လက်ရှိမှာတော့ ရှမ်းပြည်နယ် ဆောင်းပြောင်းဘက်၊ ညောင်ရွှေဘက်နဲ့ လွိုင်ကော်မြို့အဝင် ညောင်ရွှေ-တောင်ငူလမ်းမကြီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ စစ်ကောင်စီဘက်က ရှမ်းတောင်နဲ့ ကရင်နီပြည်အထဲကို အခြေစိုက်တပ်ရင်းတွေကို အင်အားဖြည့်မယ့် စစ်ကြောင်းတွေထိုးနေတာပါ” လို့ ပြောပါတယ်။

ဇူလိုင်လမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်း ၃၀ ကျော် သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့တကွ အလင်းဝင်လာခဲ့တယ် လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေက လူနေအိမ် ၉၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ KNDF ဆီက သိရပါတယ်။

Photo - Min Khant Kyaw

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မန္တလေး-မိုးကုတ် ကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ချောင်းကြီးရဲစခန်းကို သြဂုတ် ၁ ရက်နေ့မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “စစ်တပ်ရဲ့ လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲ၊ လက်နက်ကြီးပစ်ကူတွေကြားကနေ ဒီစခန်းကို အတော်လေး ခက်ခက်ခဲခဲတိုက်ယူလိုက်ရတယ်။ နောက်ဆုံး ဘက်ဟိုးကားတွေကို တင့်ကားလိုပြင်ပြီး တိုက်ခဲ့ရတာ။ တိုက်ပွဲက ၁ လကျော်လောက်ကြာသွားတယ်ဗျ။ စခန်းသိမ်းတိုက်ပွဲအပြီးမှာလည်း လေကြောင်း တိုက်ခိုက်မှုတွေက ဆက်ရှိနေသေးတယ်” လို့ DVB ကို ပြောပါတယ်။

ချောင်းကြီးရဲစခန်းကို ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး သြဂုတ် ၁ ရက်နေ့မှာတော့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းကနေဗုံးကြဲခဲ့တာတွေကြောင့် ချောင်းကြီးရဲစခန်းအနီးက စာသင်ကျောင်းအပါအဝင် လူနေအိမ်အဆောက်အဦ ၅၀ နီးပါး ပျက်စီးခဲ့ရသလို ဒေသခံပြည်သူ ၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “စခန်းသိမ်းတိုက်ပွဲ မတိုက်ခင်ကတည်းက ဒီ ချောင်းကြီးစခန်းမှူးကို လက်နက်ချ အလင်းဝင်ဖို့ ဖိတ်ခေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ ကမ်းလှမ်းချက်ကိုလက်မခံခဲ့ဘဲ ပြန်လည်ခုခံခဲ့ပါတယ်။ အခု စခန်းသိမ်းနိုက်ပွဲမှာတော့ အဲဒီစခန်းမှူးကို မတွေ့ရပါဘူး။ ထွက်ပြေးသွားပြီလို့ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေဆီကနေသိရတယ်” လို့ ပြောပါတယ်။

ချောင်းကြီးရဲစခန်း၊ စခန်းသိမ်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးတွေဆောင်ရွက်နေတဲ့အတွက် စခန်းသိမ်းတိုက်ပွဲရဲ့ အသေးစိတ်အခြေအနေတွေကို သတင်းမထုတ်ပြန်ရသေးတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းအထိ သပိတ်ကျင်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေဖြစ်ကြတဲ့ အင်းနက်ကျေးရွာစခန်းကုန်း၊ တွင်းငယ်ရဲစခန်းနဲ့ တကောင်းတောင်ပေါ်စခန်းတွေကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013