
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က တပ်ရဲ့ စုဖွဲ့မှု ပိုမိုကျစ်လာဖို့နဲ့ စနစ်တကျ တပ်ဖွဲ့တည်ဆောက်နိုင်ဖို့အတွက် ဖွဲ့စည်းထားခဲ့တဲ့ စစ်ဗျူဟာနဲ့ တပ်ရင်းတွေကို စစ်ဒေသအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ဇူလိုင်လ ၂၁ ရက်က ထုတ်ပြန်ပါတယ်။
KNDF တပ်ရင်းမှူးတယောက်က “အမိန့်စီးဆင်းမှု ဆိုတာအတွက်ပေါ့၊ တပ်ရင်းတွေ ဖောင်းပွနေတော့ အမိန့်အတွက် ပိုအဆင်ပြေအောင် အကုန်လုံးပြန်စုပြီးမှ အမိန့်ပေးတဲ့နေရာ ပိုကောင်းအောင်ပေါ့။ ပိုလည်းကျစ်လျစ်သွားတာပေါ့"လို့ ပြောပါတယ်။
စစ်ဗျူဟာအမှတ် ၄ ၊ အမှတ် ၅ နဲ့ အမှတ် ၇ လက်အောက်က တပ်ရင်း ၈ ရင်းကို ပြန်လည်ပေါင်းစည်းပြီး စစ်ဒေသအမှတ် ၂ အဖြစ် တပ်ရင်း အမှတ် ၅ ၊ အမှတ် ၆ ၊ အမှတ် ၇ စတဲ့ ၃ ရင်းနဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
စစ်ဗျူဟာ အမှတ် ၂ နဲ့ အမှတ် ၇ လက်အောက်က တပ်ရင်း ၇ ရင်းတို့ကို ပြန်လည်ပေါင်းစည်းပြီး စစ်ဒေသအမှတ် ၃ အဖြစ် တပ်ရင်း အမှတ် ၈ ၊ အမှတ် ၉ ၊ အမှတ် ၁၀ စတဲ့ ရင်း ၃ ရင်းနဲ့ ဖွဲ့စည်းခဲ့သလို စစ်ဗျူဟာ အမှတ် ၆ ၊ အမှတ် ၃ နဲ့ အမှတ် ၅ လက်အောက်က တပ်ရင်း ၅ ရင်းကို ပြန်လည် ဖွဲ့စည်းပြီး စစ်ဒေသအမှတ် ၄ အဖြစ် တပ်ရင်း အမှတ် ၁၁ ၊ အမှတ် ၁၂ ၊ အမှတ် ၁၄ စတဲ့ ရင်း ၃ ရင်းနဲ့ ဖွဲ့စည်းရင်း ကရင်နီပြည်က နယ်မြေအသီးသီးမှာ စစ်ရေးတာဝန်တွေကို ထမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။
တပ်ပြောင်းလဲရေး အစီအမံတွေကို အကောင်အထည်ဖော်ရာမှာ စစ်ဒေသအမှတ် ၁ ၊ အယ်လ်ဖာကို စတင်ဖွဲ့စည်းခဲ့ပြီးနောက် ဇူလိုင် ၂၁ ရက်မှာတော့ စစ်ဒေသ အမှတ် ၂ ၊အမှတ် ၃ ၊ အမှတ် ၄ တို့ကိုပါ တိုးမြှင့်ဖွဲ့စည်းခဲ့ကာ ကျန်တဲ့စစ်ဒေသတွေလည်း ဖွဲ့စည်းဖို့ ရှိတယ်လို့ ဆိုပါတယ်။
KNDF က အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် လူထုလိုလားချက်နဲ့အညီ အောင်မြင်စေဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ခုလက်ရှိမှာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား မိုးဗြဲမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နဲ့ တခြား မြို့နယ် စစ်မျက်နှာပြင်တွေမှာ တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ သိရပါတယ်။











