
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာပြင်တခုမှာ တပ်ရင်းအမှတ် (၁၁၀၉) က ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းက ဇူလိုင် ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အသက် ၁၉ နှစ်အရွယ် ရဲဘော် ဖိုးသား(ခ)ရန်နိုင်ထွန်း (P31109108) က ဇူလိုင် ၁၈ ရက်နဲ့ အသက် ၃၇ နှစ်အရွယ် ရဲဘော် ဝင်းသိန်း (P31109072) က ဇူလိုင် ၁၉ ရက်တွေမှာ ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
မြေပြင်ရဲဘော်တယောက်က “ဒီရက်ပိုင်း ထိတွေ့မှုတွေရှိတယ်။ ထိခိုက်မှုရှိတာပေါ့။ Dead Body တောင် ပြန်မရလာဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကို တော်လှန်ရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေအတွက် အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြုပြီး အလေးနီပြုတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ကရင်နီနယ်စပ် မိုးဗြဲကို စစ်ကြောင်းထိုးလို့ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာတာကြောင့် ပြန်ဆုတ်ရင်း စစ်အင်အားဖြည့်တာတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒေါငံခါးမှာလည်း အခုရက်ပိုင်းအတွင်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နှစ်ဖက် အထိအခိုက် အကျအဆုံးတွေ ရှိနေပေမဲ့ အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဇူလိုင် ၁၅ ရက်မှာ စစ်အာဏာရှင် ပြည်နယ်အစိုးရအဖွဲ့က ပြည်သူတွေ ပြန်လည်နေထိုင်ခြင်းမရှိပေမဲ့ ဒီးမော့ဆိုမြို့ပေါ်က ဆေးရုံ၊ မီးသတ်ရုံ၊ ဌာနဆိုင်ရာရုံးတွေကို ပြုပြင်ဖို့ သွားရောက်ကြည့်ရှုခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာက ဖော်ပြထားပါတယ်။











