DVB Logo
Home
မြန်မာသတင်း
ဇူလိုင်လအတွင်း ရေစကြိုပြည်သူ ၃ ဦးသေ၊ စံကားဒေသခံများ မြေမြှုပ်မိုင်း၊ လက်နက်ကြီးအန္တရာယ် ကြုံ
DVB
·
August 4, 2024
ဇူလိုင်လအတွင်း ရေစကြိုပြည်သူ ၃ ဦးသေ၊ စံကားဒေသခံများ မြေမြှုပ်မိုင်း၊ လက်နက်ကြီးအန္တရာယ် ကြုံ
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေရဲ့ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာနဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် ဇူလိုင်လအတွင်း ရေစကြိုမြို့နယ်က ဒေသခံပြည်သူ ၃ ယောက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “ပြည်သူလူထုအပေါ်မှာ စစ်သားနဲ့ပျူတွေက ရန်သူလိုသဘောထားပြီး အကြမ်းဖက်ဖမ်းဆီး ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ခဲ့တာကြောင့် ဇူလိုင်တလတည်းမှာ ဒီမြို့နယ်ထဲက ပြည်သူ ၃ ယောက် သေဆုံးခဲ့ရပါတယ်။ အခု စာရင်းဟာလည်း ကျနော်တို့ လက်လှမ်းမီသလောက်ပြုစုထားတာပါ။ တမြို့နယ်လုံးနဲ့ခြုံလိုက်ရင် ဒီထက်ပိုနိုင်ပါတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးနှိပ်စက်လို့ ရေစကြိုမြို့ပေါ်က အသက် ၁၅ နှစ်အရွယ် မောင်ဝဏ္ဏကျော်နဲ့ အသက် ၂၃ နှစ်အရွယ် ကိုကုလားလေးတို့ သေဆုံးခဲ့ရပြီး ရေစကြိုမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စု၊ မေမြို့ကျေးရွာမှာနေထိုင်တဲ့ အသက် ၂၉ နှစ်အရွယ် မောင်စိုင်း (ခေါ်) စိုင်းမြတ်သူ ဟာ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီးသေဆုံးခဲ့ပြီး သူ့ရဲ့နေအိမ်လည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ကျနော်တို့ ရေစကြိုမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့မြို့ဖြစ်တယ်။ ဒါပေမယ့်လည်း မကြာခဏဆိုသလို ဒေသခံပြည်သူတွေကို စစ်တပ်ကနေ ဖမ်းဆီး သတ်ဖြတ်တာတွေဟာ ပိုမိုဆိုးရွားလာနေပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်း ၂၅၆၊ ၂၅၇ နဲ့ ၂၅၈ တပ်ရင်းတွေမှာရှိနေတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးတွေပူးပေါင်းကာ ဒေသခံပြည်သူတွေဆီက တန်ဖိုးကြီးပစ္စည်းတွေကို လုယူတာတွေ၊ ပြည်သူတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးငွေညှစ်တာတွေအပြင် ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေနဲ့ အနီးအနားကကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်တာတွေကို မကြာခဏပြုလုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသမှာ တိုက်ပွဲငြိမ်သွားပြီးနောက် ကျေးရွာထဲ ပြန်နေကြတဲ့ ဒေသခံတွေဟာ မြေမြှုပ်မိုင်း၊ လက်နက်ကြီး အန္တရာယ်တွေနဲ့ ကြုံတွေ့နေကြရတယ်လို့ ပြောပါတယ်။

တိုက်ပွဲငြိမ်ပြီးနောက်မှာ ကျေးရွာထဲ၊ လမ်းခုလတ်နေရာနဲ့ ဒေသခံနေအိမ်ခြံဝိုင်းတွေ၊ ပြောင်းခြံတွေထဲမှာ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေ တွေ့ရပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီး တွေ အများကြီး ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စံကားဒေသခံတယောက်က “ခြံတွေတောင် မသွားရဲကြတော့ဘူး။ နေအိမ်ပြန်လာတာ ခြံဝိုင်းထဲ သွားလာနေတာတောင် မြေကိုဖွဖွပဲ နင်းရဲတယ်။ မြေမြှုပ်မိုင်းတွေ၊ လက်နက်ကြီးတွေတော့ အရမ်းများတယ်။ ဘယ်အဖွဲ့ကမိုင်းတွေ ဆိုတာတော့မသိဘူး။ ဘယ်အဖွဲ့ဖြစ်ဖြစ်  ဒေသခံတွေရဲ့ သွာလာနေတဲ့နေရာတွေခုလို မိုင်းမထောင်သင့်ဘူး။ ခုဆို တာဝန်ရှိသူတွေကို အကြောင်းကြားထားပေမယ့် လာရှင်းပေးတာမရှိသေးဘူး” လို့ ပြောပါတယ်။

စံကားဒေသမှာ အခုတော့ တိုက်ပွဲတွေ ငြိမ်နေပြီး ဒေသခံတချို့ ပြန်လာကြပေမဲ့ ပင်လောင်း-ညောင်ရွှေ-ဖယ်ခုံ နယ်စပ် ကျေးရွာက ဒေသခံတွေတော့ ခုထိ ပြန်မလာနိုင်ကြသေးဘူးလို့ သိရပါတယ်။

ဒေသခံတယောက်က “တိုက်ပွဲဖြစ်တာမရှိပေမယ့် စစ်ကောင်စီနဲ့ PNO တွေက ကျေးရွာထဲကို လက်နက်ကြီး ပစ်ထည့်တယ်။ ရွာသားတွေမပြန်ရဲသေးဘူး” လို့ ပြောပါတယ်။

စံကားဒေသမှာပြီးခဲ့တဲ့ ဇူလိုင်လတလလုံး ကရင်နီတော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့လို့ ဒေသခံတသောင်းကျော် ဘေးကင်းရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တိုက်ပွဲအတွင်း အရပ်သား ၅ ယောက် ထိခိုက်ဒဏ်ရာရပြီး ပြောင်းဂိုဒေါင်တခုအပါအဝင် ပြည်သူတွေရဲ့ နေအိမ် ၁၅ လုံးလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေ ထိမှန်ပျက်စီးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013