DVB Logo
Home
မြန်မာသတင်း
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို အပြီးသတ်သိမ်းပိုက်ရရှိဟု MNDAA ကြေညာ
DVB
·
August 4, 2024
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို အပြီးသတ်သိမ်းပိုက်ရရှိဟု MNDAA ကြေညာ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အခြေအစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို  MNDAAက အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ဓာတ်ပုံ၊ ဗွီဒီယို တွေနဲ့တကွ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

သြဂုတ် ၃ ရက် နေ့လယ်ပိုင်းမှာ MNDAA တပ်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်တွေကို ခြေမှုန်းနိုင်ခဲ့တယ်လို့လည်း MNDAAက သတင်းထုတ်ပြန်ပါတယ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA )  တာဝန်ခံမောင်ဆောင်းခက “ ရမခအောင်ပွဲက မြန်ဆန်လွန်းနေတော့ လွယ်လွယ်နဲ့ရခဲ့တယ်လို့ ထင်နေကြမှာလည်း စိုးပါတယ်။ ကျနော်တို့ လူငယ်တွေ ဘယ်လောက်ရင်းခဲ့ရလဲ၊ ကျနော်တို့ ဘယ်လောက်ထိ ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရလဲဆိုတာ တချို့တွေပဲ သိကြပါလိမ့်မယ်။ ဒါတွေက ပုံပြင်တွေမဟုတ်ပါဘူး၊ သမိုင်းစာမျက်နှာတွေဖြစ်ပါတယ်”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကျသွားပြီဖြစ်တဲ့အကြောင်း CDM ဗိုလ်ကြီးဇင်ယော်က လည်း အတည်ပြုရေးသားထားပါတယ်။ 

စစ်ကောင်စီတပ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) လက်အောက်ရှိ တိုင်းစစ်ဌာနချုပ် ၁၄ ခု ရှိတဲ့အထဲမှာ သမိုင်းကြောင်းအရရော စစ်ရေးဗျူဟာအရပါ အရေးပါတဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ဌာနချုပ်ကို  တော်လှန်ရေးတပ်ဖွဲ့တွေက ပထမဆုံး သိမ်းပိုက်ရရှိနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ MNDAA ရဲ့ အလံကို လွှင့်တင်ထားတာကိုလည်း  ဗွီဒီယိုဖိုင်မှာတွေ့ရပါတယ်။  အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျသွားတဲ့သတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်တာမရှိသေးသလို တိုက်ပွဲမှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတဲ့ အခြေအနေကိုလည်း မသိရသေးပါဘူး။ 

ဩဂုတ် ၁ ရက်က အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တပ်မတော်ဆေးရုံမှာ စွန့်ပစ်ခံထားရတဲ့  ဒဏ်ရာရသူ အများအပြားနဲ့ မိသားစုဝင်တွေအပါအဝင် စုစုပေါင်း လူပေါင်း ၄၇၀ ကျော်ကို MNDAA တပ်ဖွဲ့ဝင်တွေက ဘေးကင်းလုံခြုံရာသို့  ပို့ဆောင်ပေးခဲ့ပါတယ်။

ရမခ ဌာနချုပ်ကို   ဇူလိုင် ၂၅ ရက် မနက် ၄ နာရီမှာ သိမ်းပိုက်ရရှိခဲ့တယ်လို့   ကိုးကန့်သတင်းကွန်ရက်က ထုတ်ပြန်ခဲ့ဖူးပေမဲ့ အပြီးတိုင်မသိမ်းပိုက်နိုင်ခဲ့ဘဲ လက်ကျန် စစ်ကောင်စီတပ်တွေနဲ့ မနေ့က အထိ တိုက်ပွဲတွေဆက်လက် ပြင်းထန် ဖြစ်ပွားနေခဲ့တာပါ၊

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် MNDAA ပူးပေါင်းတပ်တွေက လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက် ကစပြီထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး TNLA တပ်တွေကလည်း မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ နောင်ချိုမြို့တွေကို သိမ်းပိုက်ရရှိထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013