DVB Logo
Home
မြန်မာသတင်း
လားရှိုး စစ်ဆေးရုံက ဆရာဝန်၊ သူနာပြုနှင့် လူနာ ၁၀၀ ကျော်သေ၊ ၂၀၀ ခန့် အလင်းဝင်
DVB
·
August 3, 2024
လားရှိုး စစ်ဆေးရုံက ဆရာဝန်၊ သူနာပြုနှင့် လူနာ ၁၀၀ ကျော်သေ၊ ၂၀၀ ခန့် အလင်းဝင်
Donate to DVB

လားရှိုး ခုတင် ၁၀၀ စစ်ဆေးရုံက ဆရာဝန်၊ သူနာပြုနဲ့ ဆေးရုံမှာကုသနေတဲ့ အရပ်သားနဲ့ စစ်ဘက်လူနာ ၁၀၀ ကျော်ဟာ တိုက်ပွဲကြားမှာ သေဆုံးခဲ့ပြီး စစ်ဘက်လူနာနဲ့ တပ်မိသားစုဝင် တချို့ဟာ ဩဂုတ် ၂ ရက် မနေ့က အလံဖြူထောင် အလင်းဝင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသားတယောက်က “ရမခ ဝန်း ခုတင် ၁၀၀ စစ်‌ဆေးရုံက လူ ၂၀၀ လောက် အညံ့ခံ အလင်းဝင်တယ်။ စစ်သားတွေရော တပ်မိသားစုတွေရော ဟုတ်တယ်” ပြောပါတယ်။

လားရှိုး အမှတ် ၉ ခုတင် ၁၀၀ စစ်ဆေးရုံကို MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ပြီးနောက် ဆေးကုသနေတဲ့ စစ်ကောင်စီ တပ်သားလူနာတွေ၊ လူနာစောင့်တွေနဲ့ မိသားစုဝင်တွေ အလံဖြူထောင်လိုက်တာကြောင့် MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့က စစ်သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားတာလို့ သူက ပြောပါတယ်။

အဲဒီ စစ်ဆေးရုံမှာ တပ်စွဲလုံခြုံရေးယူထားတဲ့ စစ်ကောင်စီ အရာရှိ၊ စစ်သည်တချို့ကတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ဆုတ်ခွာပူးပေါင်းသွားတယ်လို့ သိရကြောင်းလည်း သူက ဆိုပါတယ်။

လားရှိုး ပြည်သူ့ဆေးရုံမှာ ဆရာဝန်၊ သူနာပြုတွေ မရှိတော့တာကြောင့် အဲဒီ ခုတင် ၁၀၀ စစ်ဆေးရုံမှာ ဆေးကုသနေတဲ့ အရပ်သားလူနာတချို့လည်း နှစ်ဖက်တိုက်ပွဲကြောင့် လက်နက်ကျည်ထိ သေဆုံးသွားတာရှိတယ်လို့ သေဆုံးသွားတဲ့ လူနာ ၂ ယောက်နဲ့ နီးစပ်တဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။

“လမ်းလျှောက်နိုင်တဲ့ လူနာတွေက ဘေးကင်းတဲ့နေရာကို ရွှေ့သွားလို့ လွတ်ပေယ့် ကျန်ခဲ့တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ လူနာတွေ သေဆုံးသွားပါတယ်။ သိသလောက် လူ ၁၀၀ ကျော် တယောက်မှ အသက်မရှင်ပါဘူး။ ကလေးအမေတွေရော ကလေးတွေပါ ဆုံးသွားပါတယ်” လို့ သူက ပြောပါတယ်။

သေဆုံးသွားတဲ့သူတွေထဲမှာ မွေးလူနာတွေနဲ့ သံဃာအပါအဝင် သက်ကြီးပိုင်းလူနာနဲ့ လမ်းမလျှောက်နိုင်တဲ့ အရပ်သားလူနာ ၂၁ ယောက်နဲ့ အဲဒီဆေးရုံက ဆရာဝန် ၂ ယောက်၊ သူနာပြု ၇ ယောက် ပါတယ်လို့ သိရကြောင်းလည်း ဒေသခံတချို့က ပြောပါတယ်။

ဒေသခံတယောက်က “၁၀၀ ကျော် သေတယ်ဆိုတာ ဟုတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ MNDAA ဘက်က ညဆို ဒရုန်းနဲ့ပစ်လို့ရတယ်လေ။ ပစ်ရင်းဝင်ရင်းဆိုတော့ အကုန်ပစ်မှာကိုး။ သေဆုံးတဲ့ သူတွေထဲမှာ အရပ်သားများမယ်။ G1 တယောက်သေတယ်။ G1 နှစ်ယောက် ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

ဒေသခံတယောက်ကတော့ တပ်ဘက်က အခြေအနေဆိုးတဲ့လူနာတွေကို စစ်တပ်ကပဲ ပစ်သတ်ခဲ့ပြီး ကယ်လို့ရမယ့်သူတွေပဲ ရမခထဲကို ခေါ်သွားတာလို့ ပြောပါတယ်။ အသေးစိတ်အခြေအနေကိုတော့ DVB က ဆက်လက်စုံစမ်းနေပါတယ်။

လားရှိုးဒေသခံတယောက်က “စစ်ဆေးရုံမှာ အရပ်သားလူနာတွေကိုလည်း ကုပေးတာ ဟုတ်တယ်။ ဒါပေမယ့် အရပ်သားကုတဲ့ဘက်နဲ့ စစ်သားတွေကုတဲ့ဘက် ကာထားပါတယ်။ ဆရာဝန်တွေက အတူတူပါပဲ။ စစ်သားကုတဲ့ဘက်တော့ အရပ်သားတွေ ဝင်လို့မရဘူး။ သပ်သပ် ခွဲထားပါတယ်” လို့ ပြောပါတယ်။

အဲဒီ အမှတ် ၉ ခုတင် ၁၀၀ စစ်ဆေးရုံဟာ လားရှိုး ရမခ တိုင်းစစ်ဌာနချုပ်နယ်မြေထဲမှာ ဖြစ်ပြီး ရမခ ပင်မရုံးချုပ် နဲ့ ပေ ၂,၅၀၀ လောက် အကွာမှာရှိတာ ဖြစ်ပါတယ်။ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း MNDAA ပူးပေါင်းတပ်ဖွဲ့တွေက ရမခ ဝန်းထဲက တိုက် ၉ လုံး ဘက်ကို တိုက်ခိုက်နေရာရယူထားပေမယ့် စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ဗုံးကြဲတာကြောင့် ရမခ ဝန်းထဲက တချို့နေရာတွေကို သိမ်းယူနိုင်ပေမယ့်  ဝင်နေဖို့လွယ်ကူမယ့် အခြေအနေတော့ မဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၃ ရက်နေ့ကစလို့ လားရှိုးနဲ့ အနီးတဝိုက်ကို MNDAA ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ရမခ နယ်မြေထဲ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013