
ဧရာဝတီတိုင်း ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ စစ်ဘေးရှောင် အမျိုးသမီး ၂ ယောက် မြေမြှုပ်မိုင်းနင်းမိလို့ တယောက် သေဆုံးသွားပြီး တယောက်က ဒဏ်ရာအပြင်းအထန်ရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေ သူတွေဆီက သိရပါတယ်။
လေးမျက်နှာမြို့နယ် ရခိုင်ရိုးမအစပ် ပုသိမ်-မုံရွာကားလမ်းနားက စက်စက်ကျေးရွာမှာ ရောက်ရှိ နေထိုင်တဲ့ အသက် ၄၀ ကျော်အရွယ် ဒေါ်သေးသေးနဲ့ အသက် ၃၅ နှစ်အရွယ် အငယ်မတို့ဟာ ဇူလိုင် ၂၄ ရက် ညနေပိုင်းက စက်စက်ယိုရွာနားမှာ မိုင်းနင်းမိခဲ့ပြီး ဒေါ်သေးသေးက သေဆုံးခဲ့တာပါ။
စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသူက “ရွာအစပ်နားမှာ လယ်ကွင်းထဲ ကန်စွန်းရွက် သွားခူးရင်း ဖြစ်တာလို့သိရတယ်။ တယောက်က တခါတည်းဆုံးသွားတယ်။ မအငယ်မဆိုသူက လည်း ဒဏ်ရာတွေတော်တော်များတယ်” လို့ပြောပါတယ်။
အဲဒီအမျိုးသမီးတွေဟာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလကကတည်းက စစ်ဘေးရှောင်လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
မိုင်းပေါက်ကွဲတဲ့နေရာဟာ ၂၀၂၆ ခုနှစ်၊ ဇွန်လပထမအပတ်က စစ်အာဏာရှင်တပ်တွေ လာရောက် ယာယီစခန်းချခဲ့တဲ့နေရာဖြစ်တယ်လို့လည်း သိရပါတယ်။











