DVB Logo
Home
မြန်မာသတင်း
သထုံတွင် မိုးသည်းထန်ပြီး ရေကြီး၊ ကျေးရွာ ၂၀ ခန့် ရေနစ်မြုပ်၊ တနင်္သာရီရေဘေး ကူညီရန် အခက်တွေ့
DVB
·
July 31, 2024
သထုံတွင် မိုးသည်းထန်ပြီး ရေကြီး၊ ကျေးရွာ ၂၀ ခန့် ရေနစ်မြုပ်၊ တနင်္သာရီရေဘေး ကူညီရန် အခက်တွေ့
1 / 10
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် မြစ်ရေလျှံတက်တာနဲ့ တောင်ကျရေကျတဲ့အတွက် ကျေးရွာ ၂၀ လောက် ရေနစ်မြုပ်နေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ပရဟိတအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ဇူလိုင် ၂၅ ရက်ကစပြီး ဒုံသမိမြစ်ရေတက်လာနဲ့ တောင်ကျရေ အရှိန်အဟုန်နဲ့ စီးဆင်းလာတဲ့အတွက် သထုံ-ဘားအံ ကားလမ်းတလျှောက်နဲ့ အာရှလမ်းတလျှောက်မှာရှိတဲ့ ရှမ်းစု၊ ဈေးမသွယ်၊ ဒလပန်း၊ ဒလကုန်း၊ စခန်းကြီး၊ ဒူးရင်းဆိပ်၊ ထောင်မှူး၊ ကြက်တူရွေးတောင်၊ ရှမ်းစု၊ အင်ကြင်းကုန်း အပါအဝင် ရွာ ၂၀ လောက် ရေနစ်မြုပ်နေပါတယ်။

လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “သထုံ-ဘားအံလမ်းက ရွာတွေနဲ့ အာရှလမ်းတလျှောက်က ရွာတွေ ရေမြုပ်နေပါတယ်။ အဲ့နေရာတွေက နှစ်စဉ် ရေမြုပ်နေကြပေမဲ့ ဒီနှစ် ပိုတယ်လို့ ရွာခံတွေက ပြောတယ်။ သထုံမြို့ထဲတော့ မမြုပ်ဘဲ ကျေးရွာတွေတော့ မြုပ်နေတာ။ မြုပ်နေတဲ့ရွာတွေက တော်တော်များတယ်။ ခန့်မှန်း ၂၀ လောက်တော့ရှိမှာပဲ။ အခုကူနေတာတောင် ၁၀ ရွာလောက်ရှိတာဆိုတော့” လို့ ပြောပါတယ်။

ရေနစ်မြုပ်နေတဲ့ရွာတွေက ပြည်သူတွေဟာ ရေမမြုပ်တဲ့ ဆွေမျိုးအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေရပြီး ရွာပတ်လည်မှာလည်း ရေဝိုင်းနေတာကြောင့် အပြင်ထွက်ဖို့ ခက်နေတဲ့အတွက် အစားအစာ၊ ရေသန့်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ များစွာလိုအပ်နေတယ်လို့ ကူညီပေးနေသူတဦးက‌ ပြောပါတယ်။

“ရေနစ်မြုပ်နေတဲ့ ရွာတွေက ရေပတ်လည်ဝိုင်းနေတာ။ အဲဒါကို လှေနဲ့ကျော်ရင်တောင် အာရှလမ်းတို့ ဘားအံသွားတဲ့လမ်းတို့ ရောက်မှာ။ အဲ့တလျှောက်မှာလည်း ရေကျော်နေတာဆိုတော့ သွားရေးတော်တော်ခက်တယ်။ လိုတဲ့ဟာတွေကတော့ တော်တော်များတယ်။ အဲ့ဘက်မှာက ကျနော်တို့က နှစ်တိုင်း ထမင်းထုပ်ဝေနေကြတယ်။ ဒီ‌နှစ် အကုန်လုံး ဘီးလင်းရေဘေးကို အကုန်လုံးအာရုံစိုက်လိုက်‌တော့ အဲ့ဘက်မှာ သတိမထားမိကြတော့ဘူး။ အခုလည်း ဘီးလင်းရေကြီးတာနဲ့ ရောနေတော့ အကူအညီ ဘာမှမရဘူး။ အစားအစာနဲ့ ရေသန့်ကတော့ အဓိကလိုအပ်နေတာပဲ။”

သထုံ-ဘားအံလမ်းပိုင်းမှာလည်း ဇူလိုင် ၃၁ ရက်အထိ ရေမကျသေးတာကြောင့် ကားကြီးတွေကိုသာ အလှည့်ကျ ဖြတ်ခွင့်ပေးပြီး ကားသေးတွေကို ဖြတ်သန်းခွင့် ယာယီပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်ပြည်နယ်အတွင်း ဇူလိုင် ၂၀ ရက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းပြီး ကျေးရွာ ရပ်ကွက်ပေါင်း ရာချီမှာ နေအိမ်တွေအတွင်း ရေဝင်ရောက်တာကြောင့် ပြည်သူသောင်းနဲ့ချီ ရေဘေးသင့်နေတဲ့အပြင် ကားလမ်းတွေ ရေကျော်ကာ ကားအသွားအလာတွေလည်း ပိတ်နေပါတယ်။

တနင်္သာရီတိုင်းဒေသကြီးမှာလည်း ရေဘေးသင့်ပြည်သူတွေအတွက် ကူညီဖို့ အခက်အခဲ ဖြစ်နေတယ်လို့ တနင်္သာရီရေဘေး ကူညီသူတွေက ပြောပါတယ်။

စစ်အာဏာမသိမ်းခင်ကာလတုန်းက တနင်္သာရီရေဘေးကို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက ကူညီဆောင်ရွက်ပေးခဲ့တာရှိသလို အခုကာလမှာတော့ နယ်မြေအခြေအနေနဲ့ လုံခြုံရေးအခြေအနေကြောင့် သွားရောက်ကူညီဖို့ အခက်အခဲ ဖြစ်တယ်လို့ ရေဘေးကူညီသူတွေက ပြောပါတယ်။

ဒါ့အပြင် တနင်္သာရီမြို့နယ် တချို့ကျေးရွာတွေမှာ စစ်ကောင်စီဘက်က စားနပ်ရိက္ခာ ကန့်သတ်ထားတာကြောင့် ကုန်ဈေးနှုန်းတွေ ကြီးမြင့်သလို ကုန်ပစ္စည်းဝယ်ဖို့ကလည်း အခက်အခဲ ဖြစ်တယ်လို့ တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။

တနင်္သာရီမြစ်ရေဟာ မိုးရွာသွန်းမှုကြောင့် စိုးရိမ်ရေအမှတ်ထက် ၃ ပေ မြင့်တက်နေပြီး ဒေသခံတွေအနေနဲ့ သောက်သုံးရေအခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တကူရွာခံ အမျိုးသမီးတဦးက “မြစ်ရေမြင့်တက်လာတော့ တွင်းရေတွေ ပိတ်ကုန်ပြီ။ လက်ရှိမှာတော့ မိုးရေကို ကြိုပြီး သောက်နေရတယ်” လို့ ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေတွေမှာ တနင်္သာရီရေဘေးကြောင့် ဒေသခံရဲ့ အခက်အခဲတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ကူညီဆောင်ရွက်ပေးနေတယ်လို့ ဒေသခံဆီက သိရပါတယ်။

ဒေသခံတဦးက “တချို့ရွာမှာက မြိတ်ပကဖနဲ့ ဆေးအဖွဲ့ (တနင်္သာရီပကဖ) တို့က ပြည်သူတွေ သွားလာဖို့အတွက်နဲ့ နေအိမ်ရွှေ့ပြောင်းဖို့အတွက် ကူညီပေးနေတာတွေ ရှိတယ်။ တချို့ရွာမှာက မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ ကလည်း သူတို့နိုင်သလောက် ရိက္ခာတွေကို ပြည်သူတွေဆီ နိုင်သလောက် ပြန်လှူပေးနေတာတွေ ရှိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက် ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီဘက်က ရေဘေးသင့်နေတဲ့ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာကို MI-2 အမျိုးအစား ရဟတ်ယာဥ်နဲ့ ဗုံးသီး အလုံး ၂၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013