DVB Logo
Home
မြန်မာသတင်း
ဗျူဟာကုန်းကျရင် မိုးမိတ်ကို စစ်ကောင်စီတပ်များ လက်လွှတ်ရနိုင်
DVB
·
July 31, 2024
ဗျူဟာကုန်းကျရင် မိုးမိတ်ကို စစ်ကောင်စီတပ်များ လက်လွှတ်ရနိုင်
Donate to DVB

မိုးမိတ်ဗျူဟာနဲ့ လက်ကျန်တပ်ရင်းတွေနားမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဗျူဟာကုန်းပေါ်အထိ လေကြောင်းပစ်ခတ်မှုရှိနေတဲ့အပြင် ခမရ-၃၄၈ တပ်ရင်းရဲ့ အဝေးကင်းစခန်းတခုကိုပါ ရှင်းလင်းနိုင်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။

တပ်ရင်း ၃ ခု၊ ထောက်ပို့တပ်စုနဲ့ အဲဒီဗျူဟာကုန်းတွေဟာ မိုးကုတ်-မဘိမ်း-မိုးမိတ်တို့ကို ဖိုခနောက်ဆိုင် ဆက်သွယ်ထားပြီး မိုးမိတ်မြို့ရဲ့အပြင်ဘက် ၂ မိုင်လောက်အကွာမှာ တည်ရှိတာပါ။

မိုးမိတ်မှာ စစ်ကောင်စီတပ်ဘက်က စခန်းစွန့်ခွာနီးတဲ့အခါ လေယာဉ်နဲ့ဗုံးကြဲလေ့ရှိတာကြောင့် အခုဗျူဟာကုန်းကိုလည်း ပူးပေါင်းတပ်တွေဘက်က အပြီးသတ်သိမ်းပိုက်နိုင်ဖို့နီးစပ်နေပြီလို့ မြို့ခံ ရပ်မိရပ်ဖတယောက်က ခန့်မှန်းပါတယ်။

“သူတို့က ၂၂၃ ရယ်၊ ၂၇၆ ရယ်၊ ဗျူဟာရယ်က တစု၊ ၃၄၈ က လမ်းရဲ့တဖက်ခြမ်းမှာက တခု။ ကျနော်တို့ သိသလောက် ၃၄၈ လည်း ပြီးသလောက်ဖြစ်သွားပြီ။  ၂၂၃၊ ၂၇၆ ဒါလည်း ပြီးသလောက်ဖြစ်သွားပြီ ဗျူဟာထဲကို ရောက်သွားပြီအစ်ကို။ ကျနော်တို့ အပြင်စကား သိရသလောက်တော့ ဘေးတပ်တွေအကုန်လုံး ဗျူဟာကို သွားပေါင်းလိုက်ပြီ။ ကုန်သလောက် ဖြစ်သွားပြီ။ အဲ‌‌တော့ ဗျူဟာပဲကျန်တာ။ မနေ့ညက စစ်တပ်သတင်းတွေ ကနေလာတဲ့အရဆို Y 12 နဲ့ သူ့ဗျူဟာပေါ်ပဲ ပြန်ကြဲနေတယ်ဆိုတော့ ဗျူဟာထဲလည်း ကလေးတွေရောက်သွားပြီ၊ သူတို့အပြင်ရောက်ပြီ ဒါကျနော့် ခန့်မှန်းချက်ပေါ့။”

မိုးမိတ်ဗျူဟာကို ခြေမြန်တပ်ရင်း ခမရ-၃၄၈၊ ခမရ-၂၂၃၊ ခမရ-၂၇၆ တို့နဲ့ဖွဲ့စည်းထားပြီး စကခ ၂၁ က တပ်ဖွဲ့ဝင်တွေလည်း အင်အားဖြည့်တင်းထားကာ စစ်ကောင်စီက Y-12 ထောက်ပို့လေယာဉ်နဲ့ လက်နက်၊ ရိက္ခာတွေလည်း ချပေးခဲ့ပါသေးတယ်။

ဒါအပြင် အဲဒီပတ်ဝန်းကျင်မှာရှိတဲ့ ညောင်ပင်ဆောက်၊ ဒိုးပင်နဲ့ တောင်ကိုင်းရွာတွေ ဘက်မှာလည်း တိုက်ပွဲဖြစ်ခဲ့ကြပြီး ‌ကြိုတင်တိမ်းရှောင်နိုင်ခဲ့တာကြောင့် ဒေသခံထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုကြပေမဲ့ ရွာထဲ ပျက်ဆီးမှုကိုတော့ ခုချိန်အထိ မသိရသေးပါဘူး။

မိုးမိတ်မြို့ခံ စစ်ရှောင်အမျိုးသမီးတဦးက “မြို့ထဲမှာတော့ အပစ်အခတ်တွေမရှိတော့ဘူး။ မြစ်ဆုံရွာကနေ၊ မကျည်းပင်ရွာကိုပို့ပြီး အဲလိုအရောင်းအဝယ်လေးတွေ လုပ်နေကြတယ်။ မြို့ထဲကနေပြီးတော့မှ မြို့ရှောင်တံတားလမ်းကနေ အဲလိုဆင်းဝယ်ကြတယ်။ ပထမတကြိမ်ကလည်း ပျက်စီးဆုံးရှုံးတာတွေ များထားတော့ ကျန်နေသေးတဲ့ဟာလေးတွေ ထိန်းသိမ်းစောက်ရှောက်တဲ့အနေနဲ့ ဘယ်လိုပြောမလဲ ခိုးတဲ့သူ ကျန်နေသေးတဲ့အပေါ်တော့ စောင့်ရတာပေါ့အစ်ကိုရယ်။ နောက်တချက်က TNLA တွေက မြို့ထဲမှာနေနေပြီးတော့မှ အဝင်အထွက်တွေကို သူတို့တွေက နည်းနည်းစိစစ်နေတယ်ပေါ့ အဲလိုမျိုးနဲ့ နေနေကြတယ်” လို့ ပြောပါတယ်။

လက်ရှိမြို့ပေါ်မှာ ဒေသခံအတော်များများနေထိုင်ကြပေမဲ့ မြို့ပတ်ပတ်လည်မှာ ဆက်သွယ်ရေး လိုင်းတွေလည်း ပြတ်တောက်နေတုန်းပဲလို့ သိရပါတယ်။

ဒါကြောင့် မြို့အခြေအနေသေးစိတ်ကို အတိအကျသိရသေးပေမဲ့ တခြားမြို့တွေဆီ စစ်ရှောင်သူတွေ ရှိနေသေးသလို တချို့ကတော့ မိုးမိတ်မြို့ထဲ ပြန်လည်ဝင်ရောက်နေကြတယ်လို့ အကြမ်းဖျင်းသိရပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ TNLA ဘက်ကို အတည်ပြုနိုင်ဖို့ DVB က ဆက်သွယ်ပေမဲ့ သတင်းရေးသားချိန် ဇူလိုင် ၃၁ ရက်အထိ ပြန်ဖြေတာမရှိသေးပါဘူး။

မိုးမိတ်မြို့ပေါ်မှာ ရပ်ကွက် ၄ ခုရှိပြီး လူဦးရေ ၁ သောင်းဝန်းကျင်နေထိုင်ကြကာ မြို့ခံအများစုကတော့ ၂၀၂၄ ခု ဇန်နဝါရီလကတည်းက စစ်ဘေးရှောင်နေကြရပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013