DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း စားအုန်းဆီ အကျပ်အတည်း ပိုမိုဆိုးရွားလာ 
DVB
·
July 31, 2024
မြန်မာပြည်တွင်း စားအုန်းဆီ အကျပ်အတည်း ပိုမိုဆိုးရွားလာ 
Donate to DVB

မြန်မာပြည်တွင်းမှာ စားအုန်းဆီအကျပ်အတည်း ပိုခက်ခဲလာပြီး တရားမဝင်ကုန်စည်နဲ့ ဖမ်းဆီးသိမ်းဆည်းတာတွေကလည်း ဆီအကျပ်အတည်းကို  ပိုပြီးဆိုးရွားလာစေပါတယ်။  

စားအုန်းဆီ အလွယ်တကူဝယ်ယူလို့မရတဲ့ အကျပ်အတည်းက အရင်ကထက် ပိုကြီးမားလာပြီး ဆီပွဲရုံတွေ ပိတ်သိမ်းလာတာကစလို့ တနိုင်တပိုင် အစားအစာရောင်းချသူတွေ လျှော့ချလုပ်ကိုင်လာရတဲ့အထိ အကျပ်အတည်း  ကြီးမားလာပါတယ်။

အရင်က မြန်မာတနိုင်ငံလုံး တနေ့ကို စားအုန်းဆီတန်ချိန် ၁၆၀၀ ဖြန့်ဖြူးခဲ့ပေမဲ့ ခုချိန်မှာတော့  စစ်ကောင်စီရဲ့ နိုင်ငံခြားသုံးငွေ ဒေါ်လာအခက်အခဲကြောင့် မူလတင်သွင်းတဲ့ တလကို တန်ချိန် ၅၀၀၀၀ အစား တန်ချိန် ထက်ဝက်လောက်အထိ လျှော့ချတင်သွင်းနေရပြီး ပြည်တွင်းမှာ စားအုန်းဆီ ပိုပြီးကျပ်တည်းလာတယ်လို့ စားအုန်းဆီတင်သွင်းတဲ့ လုပ်ငန်းရှင်ဟောင်းတဦးက ပြောပါတယ်။

“သွင်းတာကိုလျှော့မှာ။ တန်ချိန် ၅၀,၀၀၀ လောက်သွင်းမှသာလျှင် လုံလောက်မယ်။ အဲ့ဒါကို ၃၀,၀၀၀ ပဲ။ အဲ့ဒါကို ထပ်လျော့တယ် ကြားတယ်။ ဒီရက်ပိုင်းမှာ။ ဒါ ကျနော်တို့က နိုင်ငံခြားငွေမရှိဘူးလေ။ ကျနော်တို့က လျှော့ရမှာပဲ။”

စစ်ကောင်စီက လူဦးရေ ၁၀ သန်းနီးပါးရှိလာတဲ့ ရန်ကုန်မြို့ရှိ လူတဦးအတွက် တနေ့ကို ဆီနှစ်ကျပ်ခွဲသားနှုန်းနဲ့ အစိမ်းရောင် ဗီနိုင်းချိတ်ဆွဲထားတဲ့ ဆီကိုယ်စားလှယ်ဆိုင်တွေကနေ စားအုန်းဆီကို တိုက်ရိုက် ဖြန့်ဖြူးပေးနေပါတယ်။

ဒီလိုနှုန်းထား သတ်မှတ်ဖြန့်ဖြူးနေပေမဲ့ တကယ်လိုအပ်တဲ့ မိသားစုဝင်တွေဆီ မရောက်ရှိတဲ့အတွက် ထိရောက်မှုမရှိဘူးလို့ ဘုရင့်နောင်မှ စားအုန်းဆီဖြန့်ဖြူးသူတဦးက ထောက်ပြပါတယ်။

“အခုက ခရက တို့၊ မရယ တို့ကနေပြီးတော့ ဆီတွေဖြန့်တယ်ကွာ၊ ကိုယ်စားလှယ်ဆိုပြီးတော့ ပေးထားတာ ရှိတယ်။ ဟိုလူ ဘယ်လောက်၊ ဒီလူ ဘယ်လောက်ဆိုပြီးတော့ ဒါပေမဲ့ ဆင်ပါးစပ် နှမ်းပက်သလိုပေါ့။ ရပ်ကွက်ထဲမှာ ပေါပေါများများမရဘူးပေါ့။ အိမ်ရှင်မတွေက စားအုန်းဆီရှာရတာ အလုပ်တလုပ်ဖြစ်နေတယ်။ အခု ဘုရင့်နောင်ဝင်းထဲမှာဆိုရင် စည်ပင်ကနေ ချပေးတာ ၅ ဆိုင်ရှိတယ်။ သူတို့က တနေ့ တဆိုင်ကို နှစ်လုံးရတယ်။ တနေ့ နှစ်လုံးရတဲ့ လူတွေကလည်း အဲ့မှာ တန်းစီတိုးစား၊ သူတို့ကတော့ ရတဲ့ဟာကိုတော့ အကုန်လုံး ရောင်းပေးတာပဲ။ အဲ့ရောင်းပေးတဲ့ဟာက တကယ်တမ်းစားတဲ့သူက လာယူတာနည်းတယ်။ တိုးပြီး ရောင်းစားနေတဲ့လူတွေ ရန်တွေဖြစ်ကြ၊ ပြဿနာတွေတက်ကြ၊ တကယ်တမ်းကျတော့လည်း ဘာမှမထိရောက်ဘူး။”

စားအုန်းဆီတင်သွင်းခွင့်ကို စစ်ကောင်စီက ချုပ်ကိုင်လိုက်ပြီးတဲ့နောက် ခွဲတမ်းမရရှိတဲ့အတွက် ဘုရင့်နောင်ပွဲရုံ ဝင်းတခုလုံးမှာရှိတဲ့ စားအုန်းဆီပွဲရုံတွေ ပိတ်သိမ်းလိုက်ရပြီး ပွဲရုံပိုင်ရှင်တွေ စီးပွားရေး ကျဆင်းလာတဲ့အပြင် ပွဲရုံလုပ်သားတွေလည်း စားဝတ်နေရေး အခက်အခဲ ဖြစ်လာပါတယ်။ 

စားအုန်းဆီပွဲရုံပိုင်ရှင်တဦးကတော့ ပွဲရုံဖွင့်ထားပေမဲ့ အဓိကကျတဲ့ စားဆီရောင်းစရာမရှိဘဲ ဆီပုံးခွံနဲ့ ဆပ်ပြာကြမ်းတွေ ထိုင်ရောင်းနေရတယ်လို့ပြောပါတယ်။

“ဘယ်လိုပြောရမလဲဆိုရင် ဒါကတော့ သူတို့စည်းကမ်းပဲလေ။ သူတို့ချမှတ်ထားတာ။ ကျနော်တို့ ဆိုင်ထဲတောင် လာပြီးတော့ဝင်စစ်တာ။ ဆီရှိရင်ဖမ်းတယ်။ အဲ့လိုကျတော့ ဘာမှ မလုပ်တာ ကောင်းတာပေါ့နော်။ အဲ့တော့ ကျနော်တို့ ဒီမှာရှိတဲ့ ဆပ်ပြာရောင်းတယ်။ ပေပါခွံရောင်းတယ်။”

ဘုရင့်နောင်ပွဲရုံတန်းမှာ သစ်သားလှည်းကိုတွန်းပြီး ကုန်တင်ကုန်ချဝန်ဆောင်မှုပေးတဲ့ လုပ်သားတဦးကတော့ အခုလိုအစစအရာရာ ဈေးတက်တက်နေတဲ့ခေတ်ကြီးမှာ  စားအုန်းဆီတွေမဝင်တော့တာကြောင့် ပိုပြီးအခက်အခဲဖြစ်တယ်လို့ ဆိုပါတယ်။

“အရင်တုန်းကတော့ ဆီပွဲရုံတွေရှိတော့ ကွန်တိန်နာတွေလာတယ်လေ။ ကျနော်တို့ လိုက်ချပေး တယ်။ ညနေခင်းကျဝင်လာရင်။ အခုကတော့ ဆီပုံးတွေမဝင်တော့ အလုပ်က တော်တော်ပါးသွားတာပေါ့။ ဝင်ငွေက အရင်တုန်းက ၁၅,၀၀၀ ရရင် အိမ်မှာစားလောက်တယ်။ အခုက လမ်းစရိတ်နဲ့ဘာနဲ့ဆို‌တော့ အဆင်မပြေဘူး။ အခုက ဈေးကြီးတဲ့ခေတ်လည်း ဖြစ်နေတယ်။ ၁၅,၀၀၀ ရဖို့တောင် မနည်း ရှာရတယ်။ အလုပ်အကိုင် တော်တော်ကို ပါးတာပါ။”

စစ်ကောင်စီက စားအုန်းဆီတင်သွင်းတဲ့ ပမာဏကိုလျှော့ချရာမှာ တနိုင်ငံလုံးအတိုင်းအတာအရ တလကို တန်ချိန် ၃၀,၀၀၀ လောက်တင်သွင်းနေပြီး ရန်ကုန်တိုင်းအတွက် တန်ချိန် ၁၅,၀၀၀ အသုံးပြုပြီး ကျန်တဲ့တန်ချိန် ၁၅,၀၀၀ ကို တိုင်းနဲ့ပြည်နယ် ၁၄ ခုဆီ ဖြန့်ဝေတာလို့ ဆီခွဲတမ်းနဲ့ပတ်သက်ပြီး နီးစပ်သူတဦးက ပြောပါတယ်။

ရန်ကုန်တိုင်းက ဆီခွဲတမ်းပိုရပေမဲ့ ခွဲတမ်းနည်းပါးတဲ့ တခြားတိုင်းနဲ့ပြည်နယ်ရဲ့ လိုအပ်ချက်တွေအပြင် ပဲကြော်ဖို၊ မုန့်ဖို စတဲ့လုပ်ငန်းတွေအတွက် ရန်ကုန်စားအုန်းဆီ ဈေးကွက်က ခွဲတမ်းဆီကို တန်းစီနေဆဲမှာပဲ ဈေးပိုပေးပြီး ပြန်ဝယ်လာတဲ့ မှောင်ခိုရောင်းဝယ်မှုတွေလည်း ရှိလာပါတယ်။

ဒါကြောင့် ဆီခွဲတမ်းပိုရတဲ့ ရန်ကုန်တိုင်းမှာလည်း စားအုန်းဆီရဖို့ မနက်မိုးမလင်းခင်ကတည်းက တန်းစီလုယက်မဝယ်နိုင်ရင် စားအုန်းဆီရှာလို့၊ ဝယ်လို့မရတာတွေ ဖြစ်လာပါတယ်။

စားအုန်းဆီအကျပ်အတည်းကို ဖြေရှင်းဖို့က စားအုန်းဆီပိုသွင်းပေးဖို့ပဲ ဖြစ်တယ်လို့ ဘုရင့်နောင်ပွဲရုံတန်းမှ ဆီပွဲရုံပိုင်ရှင်တဦးက ပြောပါတယ်။

“အခုစားသုံးသူရေးရာတို့ဘာတို့ကလည်း ကိုင်နေတာပဲ ဒီဆီကိုလေ။ အမှန်မှာဆိုရင် အဓိကကတော့ တန် ၇၀,၀၀၀ သွင်းရင် သွင်းလိုက်၊ အဲ့စားအုန်းဆီဈေး တက်ပါဆိုလည်း မတက်ဘူး။ စားအုန်းဆီကို အမြတ်ရဖို့တောင်မှ ၅ ကျပ်၊ ၁၀ မြတ်ဖို့တောင်မနည်းရောင်းရတာ။ ဘုရင့်နောင်ဝင်းထဲက လူတွေ လုပ်တဲ့အချိန်တုန်းကလေ။ တပိဿာမှ  ၅ ကျပ်  ၁၀ ၊ တပေပါမှ ၅၀၀၊ ၁၀၀၀ နဲ့ လုပ်တာ။ ရင်းရတာသာ အရင်းကြီးတာ။ အဲ့လိုနဲ့အလုပ်လုပ်ကြတာ။ ဈေးကွက်ရဲ့ သဘောတရားတော့ရှိတာပေါ့။ ဝယ်လိုအားများတဲ့အချိန်ကျရင် တက်မယ်၊ ရောင်းလိုအားများ တဲ့အခါကျရင် ကျမယ်။ ဒီလိုသဘောတရားတော့ ရှိတယ်။ ဘုရင့်နောင်ဝင်းထဲက လူတွေလုပ်လို့ ဈေးတက်တယ်ဆိုတာကတော့ ရာနှုန်းပြည့်မမှန်ဘူး။”

မြန်မာနိုင်ငံရဲ့ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုက ဆီကြိတ်စားမယ်ဆိုရင် ဖူလုံမှုရှိတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ထားပေမဲ့ အစေ့အဆံအတိုင်း ပြည်ပကိုရောင်းချတာက ဈေးပိုရတဲ့အတွက် စိုက်ပျိုးစီးပွားအရ နှစ်စဉ်တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။

မြန်မာ့လယ်ယာထွက်ကုန်တွေထဲမှာ ဆီထွက်သီးနှံအပါအဝင် ပဲမျိုးစုံက ဆန်စပါးတင်ပို့မှုကို ကျော်လွန်ပြီး အမေရိကန်ဒေါ်လာ တစ်ဘီလီယံရရှိတဲ့ ပို့ကုန်အမျိုးအစားဖြစ်ပါတယ်။

ဒါကြောင့် ဈေးပိုရတဲ့ မြေပဲနဲ့နှမ်းကို အဓိကတင်ပို့နေပြီး ဈေးသက်သာတဲ့ စားအုန်းဆီကို တင်သွင်းနေပေမဲ့ နိုင်ငံခြားဝင်ငွေနည်းပါးလာတဲ့ စစ်ကောင်စီက လတ်တလောလိုအပ်နေတဲ့ စားအုန်းဆီ တင်သွင်းမှုကို လျော့ချလိုက်သလို ဆီထွက်သီးနှံအထွက်တိုးလာဖို့ ဖိအားပေးဆောင်ရွက်နေပါတယ်။

ဒါကြောင့် ဆီထွက်သီးနှံအထွက်နှုန်း တိုးလာတာမရှိလည်း စားအုန်းဆီတင်သွင်းတဲ့ ပမာဏကို လျှော့ချလိုက်တဲ့အတွက် ပြည်သူတွေမှာ စားသုံးဆီ အကျပ်အတည်းနဲ့ တောက်လျှောက် ရင်ဆိုင်နေရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013