DVB Logo
Home
မြန်မာသတင်း
စဉ့်ကူးမြို့သိမ်းတိုက်ပွဲစစ်ဆင်ရေး ရုပ်သံမှတ်တမ်းကို မန္တလေး-PDF ထုတ်ပြန် 
DVB
·
July 31, 2024
စဉ့်ကူးမြို့သိမ်းတိုက်ပွဲစစ်ဆင်ရေး ရုပ်သံမှတ်တမ်းကို မန္တလေး-PDF ထုတ်ပြန် 
Donate to DVB

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) က စဉ့်ကူးမြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေး ရုပ်သံမှတ်တမ်းကို ဇူလိုင် ၂၉ ရက်မှာ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

MDY-PDF တာဝန်ရှိသူတဦးက “စဥ့်ကူးမြို့၊ မြို့သိမ်းတိုက်ပွဲဆင်နွှဲစဥ်က ကျနော်တို့ဘက်ကလည်း ထိုက်သင့်တဲ့ ပေးဆပ်မှုတွေရှိတယ်။ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားပြီး အခုမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲခဲ့ကြတာပါ။ ဒီတိုက်ပွဲအတွင်းက ပုံရိပ်တချို့ကို ပြည်သူတွေကို သိစေချင်တာကြောင့် အခုရုပ်သံမှတ်တမ်းကို ထုတ်ပြန်လိုက်တာပါ” လို့ DVB ကို ​ပြောပါတယ်။

စဉ်ကူးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းအားလုံးနဲ့ စဉ့်ကူးမြို့ကို ဇူလိုင် ၁၇ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ တပ်ပေါင်းစုတွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

MDY-PDF ပြောရေးဆိုခွင့်ရှိသူတဦးက “စဥ့်ကူးမြို့နယ်ဟာ မန္တလေးတိုင်းအတွင်းမှာ စစ်ကောင်စီကင်းစင်တဲ့ ပထမဆုံးမြို့အဖြစ် သမိုင်းမှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ မြို့သိမ်းတိုက်ပွဲအတွင်း အသက်ပေးလှူသွားခဲ့ကြတဲ့ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက်တွေကိုလည်း အစဥ်အမြဲ ဦးညွှတ်အလေးပြု မှတ်တမ်းတင်နေပါတယ်” လို့ ပြောပါတယ်။

စဉ့်ကူးမြို့နယ်က ရွာသာယာကျေးရွာမှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ အထိုင်ချ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ (People's Servant Revolution-PSR) က ဇူလိုင် ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

PSR တာဝန်ခံတဦးက “ဒီစခန်းကိုသိမ်းနိုင်ဖို့ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေ နာရီပိုင်းလေးပဲ တိုက်လိုက်ရတယ်။ စစ်သားနဲ့ ပျူ အကုန်လောက်နီးပါးသေတယ်။ ၃၀ နဲ့ ၅၀ ကြားတော့ရှိမယ်။ စစ်သုံ့ပန်းကလည်း ၅၀ လောက် ဖမ်းမိထားပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်” လို့ DVB ကို အတည်ပြု ပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

ရွာသာယာကျေးရွာ စစ်ကောင်စီတပ်စခန်းကို ဇူလိုင် ၂၄ ရက် မနက် ၄ နာရီဝန်းကျင်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ကာ မနက် ၈ နာရီဝန်းကျင်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

PSR ရဲ့ ပြန်ကြားရေးတာဝန်ခံတဦးက “အဲဒီစခန်းသိမ်းတိုက်ပွဲကနေ လက်နက် ၂၀ နီးပါးနဲ့ ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ စိတ်မကောင်းစရာကတော့ စခန်းသိမ်းတိုက်ပွဲအတွင်းမှာ ကျနော်တို့ဘက်က ရဲဘော် ၂ ဦး အသက်ပေးလှူသွားရတယ်” လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲမပြုလုပ်မီ အဆိုပါစခန်းက စစ်ကောင်စီတပ်သားတဦး အလင်းဝင်ရောက်လာခဲ့သေးတယ်လို့ သိရပါတယ်။

ရွာသာယာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေကို ဝင်ရောက်ပြီး ပစ္စည်းတွေလုယူတာ၊ ပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင် ညှဉ်းဆဲသတ်ဖြတ်တာတွေကို မကြာခဏ လုပ်ဆောင်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ရွာသာယာကျေးရွာ စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့နဲ့အတူ ရွှေဘိုခရိုင် ကွပ်ကဲရေး ၂ အောက်က အမှတ် ၁၊ ၂ တပ်ရင်းတွေအပြင် ပြင်ဦးလွင်ခရိုင် ၅၁၂ တပ်ရင်း၊ မန်းခရိုင် တပ်ရင်း ၆၊ ဝက်လက်မြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းအားလုံးနဲ့ စဉ့်ကူးမြို့ကို ဇူလိုင် ၁၇ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ တပ်ပေါင်းစုတွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ရရှိတာလည်း ဖြစ်ပါတယ်။

စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေရဲ့ နေအိမ်အများအပြား ပျက်စီးခဲ့ရပြီး ပြည်သူတချို့ ထိခိုက်သေဆုံးခဲ့တာတွေလည်း ရှိခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013