ယူဂန်ဒါနိုင်ငံအနောက်ပိုင်းရှိ တိုင်းရင်းသားမျိုးနွယ်စုရဲ့ တူးရောဘုရင့်တိုင်းပြည်မှာ စက်တင်ဘာ ၂၉ ရက်က ရုပ်သံသတင်း ကြေညာသူဟောင်း အက်ဒဝပ်ရူကီဒီကီဂျာနာဂိုမာကို ဘုရင်အဖြစ် တင်မြှောက်လိုက်ပါတယ်။
ဒါကြောင့် သူဟာ နန်းဆက်အငြင်းပွားမှုကို အဆုံးသတ်စေတဲ့ ရိုးရာဓလေ့ထုံးတမ်း အခမ်းအနားနဲ့ တရားဝင် နန်းတက်လာခဲ့တဲ့ ဘာတူးရော လူမျိုးတွေရဲ့ ၁၃ ဆက်မြောက်ဘုရင် ဖြစ်လာပါတယ်။
အသက် ၃၄ နှစ်အရွယ်နဲ့ ကင်ဆာရောဂါကြောင့် ပြီးခဲ့တဲ့လက ကွယ်လွန်သွားခဲ့တဲ့ ဘုရင် စတုတ္ထမြောက် အိုယိုညင်ဘာ ကာဘမ်ဘာ အီဂူရူရူကီဒီရဲ့နေရာမှာ အက်ဒဝပ် ရူကီဒီကီဂျာနာဂိုမာ က ဆက်ခံခဲ့တာပါ။
ကွယ်လွန်သူ ဘုရင်ရဲ့ မိခင်ကတော့ ဘုရင်မှာ အများမသိသေးတဲ့ သားတယောက်ရှိပြီး ထီးနန်းဆက်ခံဖို့ အခွင့်အရေးရှိတယ်လို့ ပြောဆိုခဲ့တာကြောင့် နန်းဆက်အတွက် အငြင်းပွားမှုတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
ကီဂျာနာဂိုမာဟာ တူးရောမြို့တော် ဖို့တ်ပေါ်တယ်လ်မှာ နွားသတ်တာနဲ့ ကြက်သွေးဖျန်းတာ စတဲ့ ရိုးရာဓလေ့ ထုံးတမ်းတွေနဲ့အတူ နန်းသစ်ဘွဲ့အနေနဲ့ ပထမမြောက် အက်ဒဝပ်ရူကီဒီ ညာဘွန်ဂို ဆိုတဲ့ နာမည်ကို ခံယူခဲ့ပါတယ်။
ဒီဘိသိက်မြှောက် နန်းတက်ပွဲကို ကွယ်လွန်သူ ဘုရင် အိုယိုရဲ့မိခင် ဘက်စ်ကီမီဂီဆာနဲ့ နှမဖြစ်သူ မင်းသမီး ရုသ်ကိုမွန်တာလီတို့က ကန့်ကွက်ခဲ့ကြပေမဲ့ အခမ်းအနားကို ဆက်လက် ကျင်းပခဲ့တာ ဖြစ်ပါတယ်။
သူတို့ရဲ့ အဆိုအရ ကွယ်လွန်သူ ဘုရင်မှာ ငယ်ရွယ်သေးတဲ့ သားတယောက်နဲ့ သူ့ကို အရိုက်အရာဆက်ခံမဲ့သူလို့ သတ်မှတ်ထားတဲ့ သေတမ်းစာ ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။
ယူဂန်ဒါနိုင်ငံဟာ ရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတ အုပ်ချုပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခံ သမ္မတနိုင်ငံ ဖြစ်ပေမဲ့ နိုင်ငံရေးအာဏာ မရှိတော့တဲ့ ရှေးဟောင်း မင်းနေပြည်တော် ၄ ခုကတော့ လူမျိုးရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ သြဇာကြီးမားတဲ့ သင်္ကေတတွေအဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါတယ်။
တော်ဝင် ဘာဘီတိုဆွေမျိုးစုဝင် ၂၁ ယောက်ပါတဲ့ ကော်မတီကတော့ အသက် ၅၆ နှစ်အရွယ်ရှိပြီး အိုယိုရဲ့ဝမ်းကွဲတော်စပ်တဲ့ ကီဂျာနာဂိုမာကို ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။
Source: Reuters










