
ယူဂန်ဒါ သမ္မတနိုင်ငံက တိုင်းရင်းသား ရိုးရာမျိုးနွယ်စုဆိုင်ရာ တူးရိုး ဘုရင်နိုင်ငံမှာ သက်တော် ၃၄ နှစ်ပဲ ရှိသေးတဲ့ ဘုရင် အိုယို ညင်းမ်ဘာဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်က ဆုံးသွားခဲ့ပြီးနောက်မှာ နန်းလျာအမွေ ဆက်ခံရေးနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ပြင်းပြင်းထန်ထန် ဖြစ်နေပါတယ်။
တော်ဝင်ဆွေမျိုးစုရဲ့ ထီးနန်းဆက်ခံရေး ကော်မတီကတော့ ကွယ်လွန်သူ ဘုရင်ရဲ့ ဝမ်းကွဲညီအစ်ကို တော်စပ်သူ၊ နိုင်ငံပိုင် ရုပ်သံလိုင်း UBC ရဲ့ သတင်းတင်ဆက်သူနဲ့ အယ်ဒီတာဖြစ်တဲ့ တော်ဝင်မင်းသား အက်ဒ်ဝပ် ရူးကီးဒီး ကီးဂျာနန်ဂိုးမားကို ဘုရင်သစ်အဖြစ် ကြေညာလိုက်ပါတယ်။
ဒါပေမဲ့ ဘုရင် အိုယိုရဲ့ မိသားစုကတော့ ဒီဆုံးဖြတ်ချက်ကို လက်မခံဘဲ ပယ်ချခဲ့ကြတယ်။ ဘုရင်ကြီး ရဲ့ သေတမ်းစာမှာ သားတော်အရင်းကသာ နန်းစံရမယ်လို့ ရှင်းရှင်းလင်းလင်း ရေးထားပြီးသား ဖြစ်တယ်လို့ တော်ဝင်မင်းသမီး ရုသ် ကိုမွန်းတာလေး နဲ့ မိဖုရား ကယ်မီဂီးဆား တို့က အခိုင်အမာ ငြင်းဆိုနေပါတယ်။
ဒါပေမဲ့လည်း အဲဒီ နန်းဆက်ခံရမဲ့ သားတော်ဆိုတာ ဘယ်သူလဲ၊ နန်းစံဖို့ အရည်အချင်း ပြည့်မီရဲ့လား ဆိုတာ မရေမရာ ဖြစ်နေလို့ အငြင်းပွားမှုတွေက ပိုရှုပ်ထွေးလာတာပါ။
တူးရိုးဘုရင့်နိုင်ငံရဲ့ ဝန်ကြီးချုပ် ကယ်လ်ဗင် အမ်းစ်ထ်ရောင်း ရဝေါမီးယဲ အာကီးကီး ကလည်း နတ်ရွာစံဘုရင်မှာ သားတော်တပါး ကျန်ခဲ့တာ အမှန်ဖြစ်ပြီး အချိန်တန်ရင် ထုတ်ပြမယ်လို့ ပြောဆိုထားပေမဲ့ အများပြည်သူကို ဘာသတင်းမှ တရားဝင် ထုတ်မပြထားလို့ မသင်္ကာဖြစ်ပြီး ဝေဖန်နေကြတာပါ။
ဒါ့အပြင် တူးရိုးနိုင်ငံရဲ့ ရိုးရာဓလေ့အရ ဘုရင်ရဲ့ နန်းဆက်ခံသူဆိုတာ တရားဝင် လက်ထပ်ထားတဲ့ မိဖုရားကြီးက မွေးတဲ့သူပဲ ဖြစ်ရမယ်လို့လည်း တချို့က ထောက်ပြနေကြပါတယ်။
ဒီလို ပြဿနာတွေ တင်းမာနေချိန်မှာပဲ တော်ဝင်ဆွေတော်မျိုးတော်များအုပ်စု အကြီးအကဲ ချားလ်စ် ကာရူးမားဆီးရဲ့ သားတွေဖြစ်ကြတဲ့ တော်ဝင်မင်းသား ပက်ထရစ် အမ်ပူးဂါး နဲ့ တော်ဝင်မင်းသား ဆော်လိုမွန် ညာအီကာ တို့ကလည်း ကိုယ်ကျိုးရှာချင်တဲ့ အခွင့်ရေးသမားတချို့ဟာ သူတို့ရဲ့ အဖေကို အသုံးချ၊ နောက်ကွယ်ကနေ လွှမ်းမိုးချုပ်ကိုင်ပြီး သူတို့အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ လုပ်နေကြပါတယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။
အခြေအနေတွေ တင်းမာလာတာကြောင့် တူးရိုး ဘုရင့်နိုင်ငံ ခေါင်းဆောင်တွေက အားလုံးကို စိတ်အေးအေးထားကြဖို့ မေတ္တာရပ်ခံထားပြီး ဘုရင် အိုယိုရဲ့ ဈာပန အခမ်းအနား ပြီးသွားမှပဲ တရားဝင် ဥပဒေရော ရိုးရာယဉ်ကျေးမှု လုပ်ထုံးလုပ်နည်းတွေအတိုင်းပါ နည်းလမ်းတကျနဲ့ နန်းဆက်ခံသူကို ဆုံးဖြတ်မယ်လို့ တိုက်တွန်းထားပါတယ်။
Source:Reuters











