
ယူဂန်ဒါနိုင်ငံမှာ လူပေါင်း ၂၀ ကူးစက်ခံရပြီး ၂ ယောက် သေဆုံးခဲ့တဲ့ အီဘိုလာရောဂါ ကူးစက်ပြန့်ပွားမှု အဆုံးသတ်သွားကာ အီဘိုလာရောဂါ မရှိတော့ဘူးလို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ခရစ် ဘာရီယိုမွန်စီက ဇူလိုင် ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ယူဂန်ဒါမှာ ၂၀၀၀ ပြည့်နှစ် ရောဂါစတင်ဖြစ်ပွားခဲ့ချိန်ကစလို့ အီဘိုလာ ခဏခဏ ဖြစ်ခဲ့ဖူးပေမဲ့ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကြောင့် ခုနောက်ပိုင်း ကူးစက်မှုတွေကို လူထုကြား အများကြီး မပြန့်အောင် မြန်မြန်ဆန်ဆန် ထိန်းချုပ်နိုင်ခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။
မေလလယ်က စတင်ဖြစ်ပွားခဲ့တဲ့ ဒီတခေါက် ကူးစက်မှုမှာ ကူးစက်ခံရသူ ၁၅ ယောက်ဟာ အိမ်နီးချင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) ဘက်က ဖြစ်ပါတယ်။
DRC ဟာ ကူးစက်မှုရဲ့ အဓိကဗဟိုချက်ဖြစ်ပြီး လက်ရှိ အတည်ပြုလူနာပေါင်း ၃,၀၀၀ ကျော် ရှိနေတာပါ။
ယူဂန်ဒါ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ခရစ် ဘာရီယိုမွန်စီရဲ့ ပြောကြားချက်အရ ယူဂန်ဒါမှာ နောက်ဆုံးကျန်နေတဲ့ ကွန်ဂိုနိုင်ငံသား အီဘိုလာလူနာဟာ ဇွန် ၂၂ ရက်မှာ ဆေးရုံက ဆင်းသွား ခဲ့တာပါ။
အဲဒါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားတဲ့ ရောဂါကင်းစင်ကြောင်း ကြေညာဖို့ စောင့်ဆိုင်းရမဲ့ ၄၂ ရက်ဆိုတဲ့ ကာလထက် စောနေပါသေးတယ်။
ဒါပေမဲ့ အဲဒီနောက်ပိုင်း မဖြစ်မနေ စောင့်ကြည့်ရမဲ့ ၄၂ ရက်ကြာ ကာလကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့တာမို့ ခုလို ကြေညာရတာပါလို့ ဝန်ကြီး ဘာရီယိုမွန်စီက ပြောပါတယ်။
ဒီတခေါက် ကူးစက်မှုမှာ အတည်ပြုလူနာ ၂၀ ရှိခဲ့တဲ့အထဲက ၁၈ ယောက် ပြန်ကောင်းသွားပြီး ကွန်ဂိုနိုင်ငံသား ၂ ယောက် သေဆုံးခဲ့ပါတယ်။
ဘာရီယိုမွန်စီက “ဒီစောင့်ကြည့်ကာလတခုလုံးမှာ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အထူး စောင့်ကြပ်ကြည့်ရှုခဲ့ပေမဲ့ အီဘိုလာလူနာသစ် ထပ်မတွေ့ရတော့ပါဘူး” လို့ ပြောပါတယ်။
တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ ယူဂန်ဒါမှာ အီဘိုလာဗိုင်းရပ်စ် ပုန်းအောင်းနေထိုင်ရာ လင်းနို့တွေ ပေါများတဲ့ သစ်တောတွေ အများကြီးရှိနေလို့ ခဏခဏ ဖြစ်ပွားလေ့ရှိတာပါ။
ဗိုင်းရပ်စ်ဟာ ရောဂါရှိသူရဲ့ ခန္ဓာကိုယ်ထွက်ပစ္စည်းနဲ့ အမျှင်ဓာတ်တွေကို ထိတွေ့မိရာကနေ ကူးစက်တာဖြစ်ပြီး ခေါင်းကိုက်တာ၊ သွေးအန်တာ၊ ကြွက်သားတွေ နာကျင်တာနဲ့ သွေးယိုစိမ့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
Source: Reuters










