
အာဂျင်တီးနားနဲ့ ဒီနေ့မနက် ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားရှုံးထွက်ပွဲစဉ်မှာ ဒိုင်လူကြီးတွေရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကြောင့် အီဂျစ်နည်းပြ ဟော့ဆမ် ဟာဆန်က ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်စွပ်စွဲလိုက်ပါတယ်။
အီဂျစ်ဟာ အာဂျင်တီးနားကို (၂-၀) ဂိုးနဲ့ ဦးဆောင်နေခဲ့ရာကနေ ပွဲပြီးခါနီးမှာ ၁၀ မိနစ်လောက် အလိုကျမှ (၃-၂) ဂိုးနဲ့ ပြန်လည်ရှုံးနိမ့်ခဲ့တာပါ။
ဒီရှုံးပွဲကြောင့် အီဂျစ်အသင်း ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီး အာဂျင်တီးနားကတော့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
အီဂျစ် နည်းပြ ဟာဆန်ကတော့ ကမ္ဘာ့ဖလားကို ဖီဖာက လိမ်လည်တာပါလို့ စွပ်စွဲခဲ့တာပါ။ သူက ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို ပြိုင်ပွဲမှာ ဆက်ရှိနေစေဖို့ ဈေးကွက်ရှာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပွဲမှာ အီဂျစ်ရဲ့ သွင်းဂိုးတဂိုး VAR ကြောင့် ပယ်ဖျက်ခံရတာအပြင် အာဂျင်တီးနား ဂိုးဧရိယာထဲမှာ မိုဟာမက် ဆာလာကို ကျူးလွန်ခဲ့တာနဲ့ ပတ်သက်လို့ ပြစ်ဒဏ်ဘော မပေးခဲ့တာတွေက အငြင်းပွားဖွယ် ရှိခဲ့တာပါ။
နည်းပြ ဟာဆန်က “ဘောလုံးလောကမှာ တရားမျှတမှု ဘာလို့ မရှိတာလဲ။ ကျနော်တို့ တရားလက်လွတ် ခံခဲ့ရတာပါ” လို့ ပြောကြားခဲ့ပါတယ်။










