
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ စစ်အာဏာရှင်တပ်သားတွေ ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်မှုကြောင့် စစ်မှုထမ်းလူငယ်တယောက် သေဆုံးသွားတယ်လို့ ရေကြည်အမြောက်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇွန် ၁၄ ရက်က ရေကြည်မြို့နယ် အမြောက်တပ် အမတ ၃၄၄ အနီး မြောက်စမ်းကျေးရွာအနီးမှာ ကင်းစောင့်ဖို့ခေါ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည်ပြောဆိုမိတဲ့ စစ်မှုထမ်း လူငယ်ကို စစ်အာဏာရှင် တပ်သားတွေက ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခဲ့လို့ ကိုယ်န္ဓာအနှံ့ ဒဏ်ရာတွေရရှိကာ ဇွန် ၁၆ ရက် ညနေပိုင်းမှာ သေဆုံးသွားတာဖြစ်ပါတယ်။
ရေကြည်အမြောက်တပ်နဲ့ နီးစပ်သူတယောက်က “တိုက်ပွဲမှာ ဒဏ်ရာရတာလည်း မဟုတ်ဘူး။ ရောဂါကြောင့်လည်း မဟုတ်ဘူး။ စောပြာရွာဘက် ကင်းစောင့်သွားဖို့ လွှတ်တာကို ကောင်လေးက သူ့အလှည့်မဟုတ်ကြောင်း ပြောမိတာနဲ့ ရိုက်နှက်ခံရတာ။ အခုတော့ ဝဋ်ကျွတ်သွားပြီ” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ စစ်မှုထမ်းလူငယ်ဟာ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က အသက် ၂၆ နှစ်အရွယ် ဖိုးပြည့် ဖြစ်ပြီး တိုက်ပွဲမှာရရှိတဲ့ဒဏ်ရာကြောင့် သေဆုံးသွားတာလို့ တပ်အတွင်း သတင်းဖြန့်ကာ သေဆုံးရုပ်အလောင်းကို စစ်အာဏာရှင် တပ်သားတွေက လက်စဖျောက်ပစ်လိုက်တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း စစ်မြေပြင်တွေမှာ စစ်မှုထမ်းလူငယ်တွေဟာ စစ်ရှုံးလို့ သေဆုံးနေရတဲ့အပြင် စစ်အာဏာရှင်တပ်သား အဆင့်ဆင့်က ရိုက်နှက် ထိုးကြိတ်မှုတွေကြောင့် သေဆုံးရသူတွေလည်း ရှိနေတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
မတ် ၉ ရက်ကလည်း ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ မကျည်းပင်ကျေးရွာကနေ အဓမ္မ စစ်သားစုဆောင်းခံရတဲ့ လူငယ်တယောက် စစ်တပ်က အလုပ်ကြမ်းခိုင်းတဲ့ဒဏ်ကြောင့် သေဆုံးသွားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။










