DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် သမဝါယမစနစ်အသင့်လျော်ဆုံးဖြစ်ဟု စစ်ခေါင်းဆောင် ပြော
DVB
·
July 30, 2024
မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် သမဝါယမစနစ်အသင့်လျော်ဆုံးဖြစ်ဟု စစ်ခေါင်းဆောင် ပြော
Donate to DVB

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ သမဝါယမစနစ်ဟာ အသင့်လျော်ဆုံးဖြစ်တာကြောင့် သမဝါယမအသင်းတွေဖွဲ့စည်း ဆောင်ရွက်ကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဇူလိုင် ၂၉ ရက်က စစ်ကောင်စီ ဝန်ကြီးတွေ တက်ရောက်တဲ့ အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားသွားတာလို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ခေတ်အဆက်ဆက် အစိုးရတွေအနေနဲ့ စီးပွားရေးစနစ်အမျိုးမျိုးကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြကြောင်း၊  မိမိတို့နိုင်ငံရဲ့ လက်ရှိအခြေအနေအရ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ သမဝါယမစနစ်ဟာ အသင့်လျော်ဆုံးဖြစ်ကြောင်း၊  သမဝါယမအသင်းတွေဖွဲ့စည်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေကို မျိုး၊ မြေ၊ရေ၊ နည်း ၄ ချက်နဲ့အညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးထုတ်ကုန်တွေကို အခြေခံတဲ့ စက်ရုံ၊ အလုပ်ရုံတွေ တည်ထောင်ဆောင်ရွက်သွားစေ လိုတယ်လို့ စစ်ခေါင်းဆောင်က တိုက်တွန်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရှင်ဟောင်း ဦးနေဝင်းခေါင်းဆောင်တဲ့ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ခေတ်ကတည်းကစပြီး သမဝါယမစနစ်ကို ရာစုနှစ်တဝက်လောက် ကျင့်သုံးခဲ့ပေမဲ့ အောင်မြင်ခြင်း မရှိခဲ့ပါဘူး။  

ဒီမအောင်မြင်တဲ့ စနစ်ကို လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင်က  အသင့်လျော်ဆုံး စနစ်ဖြစ် ကြောင်း ပြောဆိုပြီး ဆက်လက် အကောင်အထည်ဖော်ကျင့်သုံးဖို့ ကြိုးစားလာနေတာလည်း ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံဒေသအနှံ့မှာ  စစ်အာဏာရှင်ဆန့်ကျင် စစ်ပွဲတွေနဲ့  သဘာဝဘေးတွေနဲ့ကြုံ တွေ့နေရသလို စစ်ကောင်စီရဲ့  စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့်လည်း တိုင်းပြည်ရဲ့ စီးပွားရေးက ဆိုးဆိုးရွားရွားကျဆင်းနေတာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ကတော့ ပြီးခဲ့သည့် ဧပြီ၊ မေ၊ ဇွန် သုံးလအတွင်း ပြည်တွင်း၊ ပြည်ပကုန်သွယ်ရေးမှာ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ဒေသ ကုန်သွယ်ရေးတွေ ဆောင်ရွက်ခဲ့ပြီး ကိန်းဂဏန်းတွေအရ အပေါင်းလက္ခဏာရှိခဲ့ကြောင်း၊  ဒါပေမဲ့ နယ်စပ်ဒေသမှာ တရားမဝင်ကုန်သွယ်မှုတွေကြောင့် နိုင်ငံစီးပွားရေး ထိခိုက်နေတယ်လို့ ပြောပါတယ်။ 

ဝန်ထမ်းတွေကို  လစာအပြင် ထောက်ပံ့ကြေးတွေလည်း တိုးမြှင့်ခံစားစေပြီး  အငြိမ်းစားဝန်ထမ်းတွေကိုလည်း  ထောက်ပံ့ကြေးတိုးမြှင့်ပေးမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံတွင်းမှာတော့ ကျပ်ငွေစက္ကူအသစ်တွေ ရိုက်ထုတ်မှု သတင်းတွေထွက်လာပြီးနောက်  ကျပ်ငွေတန်ဖိုးကျဆင်း ငွေကြေးဖောင်းပွပြီး ဒေါ်လာဈေးနဲ့ ရွှေဈေး၊ အိမ်ခြံမြေနဲ့ ကားဈေး တွေတက်နေသလို အခြေခံစားသောက်ကုန်ဈေးတွေ အပါအဝင် ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013