DVB Logo
Home
အားကစား
ပါရီအိုလံပစ်တွင် ဂျပန်က  ရွှေ ၆ ခု ဖြင့်ထိပ်ဆုံးက ဦးဆောင်နေ
DVB
·
July 30, 2024
ပါရီအိုလံပစ်တွင် ဂျပန်က  ရွှေ ၆ ခု ဖြင့်ထိပ်ဆုံးက ဦးဆောင်နေ
Donate to DVB

ပါရီအိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသားကျွမ်းဘား အဖွဲ့လိုက် ဗိုလ်လုပွဲမှာ ဂျပန်ကျွမ်းဘားမောင် ဒိုင်အိခိ ဟာရှိမိုတိုဟာ ကျွမ်းဘား ကုန်းနှီးပေါ်က ပြုတ်ကျခဲ့ပေမဲ့ နောက်ဆုံးမှာ အမှတ်အများဆုံးနဲ့ ရွှေတံဆိပ် ရအောင်ယူပြီး တရုတ်အသင်းကို အနိုင်ယူခဲ့ပါတယ်။ 

ပြိုင်ပွဲတဝက်အထိ အဆင့် ၅ မှာပဲရှိနေတဲ့ ဟာရှိမိုတိုဟာ ရေပြင်ညီဘားတန်းနဲ့ နောက်ဆုံး ယှဉ်ပြိုင်မှုမှာ အမှတ်အများဆုံး ယူပေးခဲ့ပြီး ဂျပန်အသင်းအတွက် ရွှေယူပေးခဲ့တာပါ။ 

တရုတ်အသင်းကတော့ ၀ ဒသမ ၅၃၂ ပွိုင့်ပဲ နည်းပြီး ဒုတိယဖြစ်သွားခဲ့ပါတယ်။ အမေရိကန်အသင်းကတော့ သူတို့ရဲ့ ပထမဆုံးအသင်းလိုက်ရွှေ ယူဖို့ အိပ်မက်ပျက်ပြယ်ခဲ့ပြီး တတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ 

ကနေဒါက ကမ္ဘာ့စံချိန်ရှင် အသက် ၁၇ နှစ်အရွယ် ဆမ်းမား မက်ကင်းတော့ရှ်ဟာ အမျိုးသမီး မီတာ ၄၀၀ လေးမျိုးစုံကူးမှာ ပြိုင်ဘက်တွေကို အပြတ်အသတ်အသာရပြီး ရွှေရသွားပါတယ်။

မီတာ ၄၀၀ အလွတ်ကူးမှာလည်း ငွေရထားတဲ့အတွက် တဦးတည်း ဆုတံဆိပ်နှစ်ခုရှိပြီ ဖြစ်ပါတယ်။

အမျိုးသားမီတာ ၂၀၀ အလွတ်ကူးမှာတော့ ရိုမေးနီးယားကစားသမားက ဗြိတိန်ကစားသမားကို အနိုင်ရခဲ့ပါတယ်။။ အမေရိကန်ကတော့ တတိယပဲ ရခဲ့ပါတယ်။ အမျိုးသမီး မီတာ ၂၀၀ အလွတ်ကူးမှာတော့ ဩစတြေးလျက မိုလီ အိုကယ်လန်ဂန်က တနိုင်ငံတည်းသူ လက်ရှိချန်ပီယံ ကို အနိုင်ရပြီး ရွှေယူသွားပါတယ်။ 

တောင်အာဖရိကအတွက် ပထမဆုံးရွှေဆုကိုတော့ တတ်ဂျာနာ စမစ်က အမျိုးသမီး မီတာ ၁၀၀ ဖားကူးမှာ ရယူပေးခဲ့ပါတယ်။ တိုကျိုအိုလံပစ်မှာတုန်းကလည်း မီတာ ၂၀၀ မှာ ရွှေဆုယူပေးခဲ့သူ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ကမ္ဘာ့ချန်ပီယံ တန်ကျန်းတင်ကတော့ ငွေပဲရခဲ့ပြီး အိုင်ယာလန် ရေကူးမယ်ကတော့ မျက်ရေလည်ရွဲနဲ့ တတိယနေရာနဲ့ ကျေနပ်ခဲ့ရပါတယ်။ 

ကမ္ဘာ့စံချိန်ရှင် အီတလီရေကူးသမား တောမတ်စ်ချက်ကွန်က မီတာ ၁၀၀ ပတ်လက်ကူးမှာ  အနိုင်ယူပြီး အီတလီအတွက် ဒုတိယမြောက် ရေကူးရွှေတံဆိပ် ယူပေးခဲ့ပါတယ်။ 

ပါရီအိုလံပစ် ပြိုင်ပွဲမှာ ဇူလိုင် ၃၀ ရက် ညနေ ၃ နာရီဝန်းကျင်အထိ ဂျပန်က ရွှေ ၆ ဆုနဲ့ ဦးဆောင်နေပါတယ်။ အိမ်ရှင် ပြင်သစ်က ရွှေ ၅ ဆုနဲ့ ဒုတိယနေရာ ရောက်လာပြီး တရုတ်က တတိယနေရာမှာ ရှိနေပါတယ်။

ဆုတံဆိပ်စုစုပေါင်းမှာတော့ အမေရိကန်က ဆု ၂၀ နဲ့  အများဆုံ းဆက်ဖြစ်နေပေမဲ့ ရွှေကတော့ ၃ ဆုသာ ရပါသေးတယ်။

တောင်ကိုရီးယားဟာ အမျိုးသားအသင်းလိုက် မြားပစ်မှာ အိမ်ရှင် ပြင်သစ်ကို အမှတ်ပြတ်နိုင်ပြီး ရွှေယူသွားပါတယ်။ တောင်ကိုရီးယားအမျိုးသားမြားပစ်အသင်းဟာ ၁၉၈၈ ခုနှစ် ဆိုးလ်အိုလံပစ်မှာ မြားပစ်စထည့်ကတည်းက ရွှေဆယ်စုမှာ ၇ ဆုအထိ ရခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား အမျိုးသမီးအသင်းကလည်း တရုတ်နဲ့ အကြိတ်အနယ်ပြိုင်ပြီး ၁၀ ကြိမ်ဆက်တိုက် အမျိုးသမီးအသင်းလိုက် မြားပစ်ရွှေဆု ရရှိခဲ့ပါတယ်။ 

အမျိုးသားတစ်ဦးချင်း ကနူးလှေလှော်ပြိုင်ပွဲမှာတော့ ပြင်သစ်ကစားသမားက ရွှေဆု ယူသွားနိုင်ခဲ့ပါတယ်။ 

ကနေဒါအတွက် ပထမဆုံး ဂျူဒိုရွှေဆုကိုတော့ အမျိုးသမီး ၅၇ ကီလိုတန်းမှာ ခရစ္စတာ ဒီဂူချီက ရယူနိုင်ခဲ့ပါတယ်။

အမျိုးသားဂျူဒို ၇၃ ကီလိုတန်းမှာ  ပြင်သစ်က မျက်နှာသစ်ကစားသမားက ဗိုလ်လုပွဲအထိ တက်လာခဲ့ပေမဲ့ လက်ရှိ ကမ္ဘာ့ချန်ပီယံ အဇာဘိုင်ဂျန်သားကပဲ အနိုင်ရသွားခဲ့ပါတယ်။ အမျိုးသား လမ်းပေါ်စကိတ်ဘုတ်ပြိုင်ပွဲမှာတော့ ဂျပန်က ယူတိုဟိုရီကိုမီက ထပ်မံဗိုလ်စွဲနိုင်ခဲ့ပါတယ်။ အမေရိကန်က နှစ်ဦးကတော့ ငွေနဲ့ ကြေး ကိုယ်စီရသွားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013