DVB Logo
Home
မြန်မာသတင်း
ဘားအံ ရေဘေးသင့်ပြည်သူများကို ကူညီရန် လှေမလုံလောက်၊ ကုန်စည်စီးဆင်းမှုပြတ်ပြီး ကုန်ဈေးနှုန်းတက် 
DVB
·
July 30, 2024
ဘားအံ ရေဘေးသင့်ပြည်သူများကို ကူညီရန် လှေမလုံလောက်၊ ကုန်စည်စီးဆင်းမှုပြတ်ပြီး ကုန်ဈေးနှုန်းတက် 
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့က ရေဘေးသင့်ပြည်သူတွေကို ကူညီရာမှာ လှေမလုံလောက်မှု အခက်အခဲတွေနဲ့ ကြုံတွေ့နေရပြီး ကုန်စည်စီးဆင်းမှုတွေပါ ပြတ်တောက်ခဲ့တာကြောင့် ကုန်ဈေးနှုန်းတွေ ပိုမိုမြင့်တက်နေပါတယ်။

ဇူလိုင် ၃၀ ရက် မနက် ၆ နာရီခွဲအချိန် အတိုင်းတာချက်အရ ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက်  ၉၃၆ စင်တီမီတာကိုရောက်ရှိနေပါတယ်။

ဇူလိုင် ၂၉ ရက်က သံလွင်မြစ်ရေဟာ ၉၄၃ စင်တီမီတာကနေ အနည်းငယ်ကျဆင်းခဲ့ပေမဲ့ မြို့တွင်းရပ်ကွက်တွေမှာ မိုးရွာသွန်းတာတွေကြောင့်  ရေပြန်လည်ကျဆင်းတာ မရှိသေးပါဘူး။  ဒါ့အပြင် ရေဘေးသင့်ပြည်သူတွေ ကူညီရာမှာ လှေမလုံလောက်မှုတွေကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက “လှေမလုံလောက်မှု စက်တပ်တဲ့ လှေကြီးပဲလည်း မရဘူး။ ကလေးတွေက ရေထဲကနေပြီး ကြိုးနဲ့ အိမ်အရောက် ဆွဲရတယ်။ တချို့က အရှေ့ကနေ လှော်ရတယ်။ လမ်းကြိုလမ်းကြားဆိုတော့ စက်နဲ့မရဘူးလေ။ ထောက်ပို့စနစ်ကတော့ လှေအခက်အခဲပဲ။  ကျန်တာကတော့ အခက်အခဲမရှိဘူး”လို့ ပြောပါတယ်။

ဘားအံမြို့ပေါ်က ရပ်ကွက် ၉ ခုလုံးရေဝင်ရောက်ခဲ့ပြီး လူဦးရေ ၁၂၀၀၀ ကျော်ဟာ   ကယ်ဆယ်ရေးစခန်း ၁၂ ခုမှာ ခိုလှုံနေရပါတယ်။

သံလွင်မြစ်ရေ မြင့်တက်လာနိုင်တာကြောင့် မြေနိမ့်ပိုင်းက ပြည်သူတွေ ကြိုတင်ပြောင်းရွှေ့ နေထိုင်ဖို့ မီးသတ်ဌာနက လိုက်လံ သတိပေးကြေညာခဲ့ပေမဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့  အားနည်းချက်ကြောင့် ရေဘေးသင့်ပြည်သူတွေကို ရွှေ့ပြောင်းရာမှာ အခက်အခဲတွေနဲ့ ကြုံခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

ဇူလိုင် ၂၈ ရက်ကစတင်ပြီး ရေကြီးရေလျှံတာတွေကြောင့် ဘားအံ-ရန်ကုန် ခရီးသည်တင်ယာဉ်တွေ၊ ကုန်စည်တင်ယာဉ်တွေဟာ ရပ်နားထားရတယ်လို့ ဘားအံမြို့ အဝေးပြေးယာဉ်လိုင်းတာဝန်ရှိသူက ပြောပါတယ်။

အဝေးပြေးယာဉ်လိုင်းတာဝန်ရှိသူတဦးက “ကားထွက်လို့ရလောက်အောင်တော့ မကျသေးဘူး။ ရေက ၆ လက်မလောက်ပဲ ကျသေးတယ်။ ကုန်တွေက ပြတ်တယ်။ ကုန်ဈေးတွေလည်း တက်နေတယ်။ မနက်ဖြန်လောက် နည်းနည်းထပ်ကျရင်တော့ ထွက်ရင် ထွက်ကျမယ်”လို့ ပြောပါတယ်။

ဘားအံမြို့မှာ ရေကြီးရေလျှံမှုတွေကြောင့် ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်ခဲ့တာကြောင့် ကုန်ဈေးနှုန်းကြီးမြင့်တာတွေ ဖြစ်ပေါ်နေတာမှာ ပေါ်ဆန်မွှေး စိန်သစ္စာ ဆန်  တအိတ်ကျပ် ၁၅၀၀၀၀ ကနေ ကျပ် ၁၆၀၀၀၀၊ ဆန်ကြမ်း တအိတ်ကျပ် ၁၂၀၀၀၀ ကနေကျပ် ၁၃၀၀၀၀၊ ကြက်ဥ တလုံးကျပ် ၅၀၀၊ ချဉ်ပေါင် တစီးကျပ် ၇၀၀၊ ကန်ဇွန်း တစီးကျပ် ၇၀၀၊ အားလူး တပိဿာကျပ် ၆၀၀၀ ကနေကျပ် ၈၀၀၀၊ ဓာတ်ဆီ တဂါလံ(၉၅) ကျပ် ၁၃၅၀၀ အထိ ဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်တာကြောင့် ချွေတာစားသောက်နေရပြီး တယောက်ကို တယောက် မကယ်နိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့  မြို့ခံတွေက ပြောပါတယ်။

ဘားအံမြို့ခံတဦးက “ရေမြုပ်ကုန်တာတွေလည်း ပါတယ်။ အရင်တည်းက သွားရေးလာရေး ခက်ခဲနေတာ။ အခုဆိုပိုပြီးတော့ ဆိုးတာပေါ့။ ကုန်ဈေးနှုန်းကြီးတာက တချို့မိသားစုတွေ ၂ ယောက် ၃ ယောက် ပေါင်းပြီးတော့ စားနေရတာမျိုးတွေတောင် ဖြစ်နေတယ်။ ရေကြီးလို့နေလို့  မရတာကတကြောင်း။ နဂိုကတည်းက စီးပွားရေးကျပ်တည်းတာက တကြောင်းဆိုတော့ အကြွေးတွေ တက်နေကြတယ်။ ချွေတာစားသောက်နေရတယ်။ တယောက်ကို တယောက် မကယ်နိုင်ကြဘူး ဖြစ်နေတယ်”လို့ ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ရေ၊ လှိုင်းဘွဲ့ချောင်း၊ ဇမိမြစ်၊ သောင်းရင်းမြစ် စတဲ့မြစ်တွေဟာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိခဲ့တာကြောင့် ဘားအံ၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး၊  မြဝတီမြို့နယ်တွေမှာ ရေကြီးရေလျှံ ဖြစ်နေပါတယ်။

ဒါအပြင် ဇူလိုင် ၃၀ ရက် ညနေပိုင်းအထိ ခန့်မှန်းချက်အရ ကရင်ပြည်နယ်အတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးနိုင်ကာ နောက် ၂ ရက်အတွင်း  မိုးပိုလာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013