DVB Logo
Home
မြန်မာသတင်း
ရမခကို ကိုးကန့်ပူးပေါင်းတပ် ထိုးစစ်ဆင်၊ လားရှိုးတွင် တိုက်ပွဲပြင်းထန်ဆက်ဖြစ်နေ
DVB
·
July 30, 2024
ရမခကို ကိုးကန့်ပူးပေါင်းတပ် ထိုးစစ်ဆင်၊ လားရှိုးတွင် တိုက်ပွဲပြင်းထန်ဆက်ဖြစ်နေ
Donate to DVB

လားရှိုး အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို ကိုးကန့်တပ်-MNDAA ဦးဆောင်တဲ့တပ်တွေက ဆက်လက် ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့  စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ရှမ်းမြောက်ရဲ့မြို့တော် လားရှိုးကို ကိုးကန့်တပ်-MNDAAနဲ့ ပူးပေါင်းတပ်တွေက ဇူလိုင် ၃ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၂၉ ရက်ဆိုရင် ၂၇ ရက်အထိ ကြာမြင့်လာပါပြီ။ ပူးပေါင်းတပ်တွေက ခလရ-၆၈ တပ်ကို ရှင်းလင်းအပြီး ဝန်တင်တပ်ရင်း ဝတရ-၁ ကိုထပ်မံသိမ်းပိုက်ခဲ့ကာ ဇူလိုင် ၂၉ ရက်နေ့မှာ ရမခ ကို ဆက်လက်ထိုးစစ်ဆင်တာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

PLA သတင်းပြန်ကြားရေး ရဲဘော်နီနီကျော်က “တိုက်ပွဲကတော့ ရမခ တဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။ မနေ့ကပေါ့နော် ဒီ ၆၈ ကို တိုက်ပြီးတဲ့အချိန်မှာ ဝန်တင်စခန်းပေါ့နော်၊ တပ်ပေါ့နော် အဲဒါကိုလည်း သိမ်းမိထားတာရှိပါတယ်။ သတင်းတွေထဲမှာတော့ မတွေ့ရသေးဘူး။ အဲနားတကြောတော့ သိမ်းထားတာတွေရှိတယ်။ အမည်တွေကတော့ လွဲမှာစိုးလို့မပြောတော့ပါဘူး”လို့ ပြောပါတယ်။

စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဟောင် ဇင်ယော်ကလည်း ထောက်ပို့တပ် ၆၂၆၊   စနခ ၂၄၂ အပြင် ဝန်တင်တပ်ရင်းတွေထဲက တချို့တပ်တွေကိုရရှိထားပြီး တင့်ကားတိုက်ခိုက်ရေးတပ်ရင်း-၆၀၀၇ အပါအဝင် တချို့တပ်တွေကတော့ ကျန်နေဦးမယ်လို့ သုံးသပ်ပါတယ်။

ဒါအပြင် MNDAA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေအနေနဲ့ ရမခ ကို စစ်ကြောင်း ၂ ကြောင်းခွဲပြီး တိုက်ခိုက်မယ့် အနေအထားလို့လည်း သူက ပြောပါတယ်။

ဗိုလ်ကြီးဟောင်း ဇင်ယော်က “ခလရ-၆၈ သိန္နီဘက်ကအဝင် ထောင်ဘက်ကနေလည်း  စကခ-၁၄ က ဆုတ်သွားတယ်။ အဲဒီဆုတ်သွားတဲ့နောက်ကိုလည်း MNDAA နဲ့ပူးပေါင်းတပ်တွေက လိုက်စစ်ပေါ့နော်၊ လိုက်စစ်အနေနဲ့ ထပ်ချပ်လိုက်တယ်။  တောင်ဘက်ကြတော့လည်း ဂေါက်ကွင်းပေါ့နော်။ လားရှိုးဂေါက်ကွင်းဘက်ကို MNDAA တို့ အခြေကုပ်ယူထားပြီလို့ သိရတယ်။ အဲတော့ တောင်ရော၊ မြောက်ရော နှစ်ဖက်ညှပ်တိုက်မယ့် အနေအထားလို့တော့ ကျနော်တို့ ပြောရပါမယ်ခင်ဗျ ”လို့ ပြောပါတယ်။

လားရှိုး ရမခ ကို PLA, BPLA, MNDAA နဲ့ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာဖြစ်ပြီး ဇူလိုင် ၂၉ ရက်မှာ စစ်ကောင်စီရဲ့ အမှတ်-၃၄၆ အမြောက်တပ်ကိုလည်း ဆက်လက်တိုက်ခိုက်နေကြောင်း မြေပြင်နဲ့အဆက်အသွယ်ရှိတဲ့ တခြားစစ်ရေးသတင်းရင်းမြစ်ကလည်း DVB ကိုပြောပါတယ်။

စစ်ရေးလေ့လာတဲ့ လားရှိုးဒေသခံတဦးက “ရှေ့တန်းစစ်မျက်နှာပြင် ကြားရသလောက်တော့ လားရှိုး ဆင်တောင်မှာ သူတို့သိမ်းပြီးပြီ။ ပြီးတော့ အမြောက်တပ်ပေါ့ အမတ-၃၄၆ ကို သူတို့ထိုးစစ်ဆင်နေတဲ့ ကိစ္စတော့ ကြားတယ်။ ထောင်ကတော့ သူတို့ သိမ်းပြီးပြီလို့တော့ ကြားတယ်။ နောက်ထပ်တခုက လေယာဉ်ကွင်း၊ သူတို့သိမ်းလိုက်ပြီ မနက်က။ အခု တိုင်းရုံးကို ထိုးနေတယ်လို့တော့ ကြားတယ်ဗျ” လို့ ပြောပါတယ်။

လားရှိုးထောင်ကိုတော့ လားရှိုး-PDF တွေနဲ့ MNDAA တို့ရဲ့ စီစဉ်မှုနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့တာလို့ ဆိုကြပါတယ်။

ဒါ့အပြင် လားရှိုးမြို့ထဲမှာ ဒေသခံတွေကို ကူညီပေးနေသူတချို့ကတော့ အနည်းဆုံး ပြည်သူ ၃၀၀ ကျော်လောက် တိုက်ပွဲတွေအကြား ပိတ်မိနေတုန်းလို့ ပြောပါတယ်။

ဇူလိုင် ၂၇ ရက်က မြို့ထဲကနေ ထွက်လာသူတဦးကတော့ မြို့ထဲကနေ ထွက်လို့ရပေမဲ့ ရပ်ကွက်တခုနဲ့ တခုအကြား သွားလာခွင့်တင်းကျပ်ထားကြောင်း ပြောပါတယ်။

လားရှိုးမြို့ခံ စစ်ရှောင်တဦးက “မြို့ထဲမှာ မတွေ့တော့ဘူး ကျနော် ထွက်လာတဲ့အချိန်မှာဆို အဲလို မိသားစုတချို့တော့ ရှိတယ်။ လမ်းလျှောက်ထွက်တာ အထုပ်လေး ခေါင်းပေါ်တင်ပြီးတော့ အဲဒီလို တွေ့တယ်။ မိသားစု ၂ စု ၃ စု အဲလိုပဲတွေ့တော့တာလေ။ ရပ်ကွက်ထဲမှာ ကျနော် အိမ်နားပတ်လည်ဆို ဘယ်သူမှ မနေတော့ဘူး။ အခုကြားရတာ သူတို့ထိန်းထားတာ အတော်များပြီနော်။ ရမခ ပဲကျန်တော့တာ။ ကျန်တဲ့နေရာအကုန် သူတို့ ဟိုဟာ ဖြစ်သွားပြီပဲ။ လမ်းတလျှောက်မှာလည်း သူတို့အလံတွေပဲလေ။ မြို့ထဲကတော့ တက္ကသိုလ်ထိပေါ့”လို့ ပြောပါတယ်။

တခြားမြို့ခံတဦးကတော့ ရပ်ကွက်ကြီး ၇ နဲ့တချို့နေရာတွေမှာ လူမရှိတဲ့နေအိမ်တွေမှာ ဖောက်ထွင်းမှုတွေ ဖြစ်နေတာကို ကြားသိခဲ့ရကြောင်း ပြောပါတယ်။

လားရှိုးမြို့ရဲ့နေရာအများစုကို သိမ်းပိုက်ထားတဲ့ MNDAA ကတော့ လားရှိုးဘူတာကိုလည်း ထပ်မံသိမ်းပိုက်လိုက်ပြီး အုပ်ချုပ်ရေးကို တာဝန်ယူသွားမှာဖြစ်ကြောင်းနဲ့ မြို့ပေါ်မှာ ကင်းလှည့်နေတဲ့ပုံတွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်မှုတွေလည်းရှိနေပြီး လားရှိုးမြို့အပါအဝင် မိုးကုတ်နဲ့ ရှမ်းမြောက်မှာ ဇူလိုင် ၂၅ ရက်အထိဆိုရင် အရပ်သား ၁၂၅ ယောက် သေဆုံးခဲ့ရပြီး ၁၆၇ ယောက် ထိခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013