DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် ရွှေ့ပြောင်းလုပ်သား ၅၀ ကျော် တောင်ပေါ်သားကတ်လုပ်ရန် ဘတ်သိန်းချီ အလိမ်ခံရ
DVB
·
July 30, 2024
ချင်းမိုင်တွင် ရွှေ့ပြောင်းလုပ်သား ၅၀ ကျော် တောင်ပေါ်သားကတ်လုပ်ရန် ဘတ်သိန်းချီ အလိမ်ခံရ
Donate to DVB

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်က မြန်မာအမျိုးသမီး အလုပ်သမားတွေ အများစု အပါအဝင် ရွှေ့ပြောင်းလုပ်သား ၅၀ ကျော်ဟာ  တောင်ပေါ်သားကတ် လုပ်ဖို့ ပွဲစားကို ပိုက်ဆံပေးထားပေမဲ့ ကတ်မရဘဲ အလိမ်ခံလိုက်ရတယ်လို့ ချင်းမိုင်နယူးစ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

အဲဒီကိစ္စနဲ့ပတ်သက်ပြီး အလိမ်ခံရသူတချို့ဟာ သက်သေအထောက်အထားတွေနဲ့အတူ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်က ချင်းမိုင်ခရိုင် အမှတ် ၅ ဒေသ ဗဟိုအမျိုးသားမှတ်ပုံတင်ဌာနကို လာရောက်တိုင်ကြားခဲ့ကြောင်း ခရိုင်မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး နိုင်းဘွန်းလစ် နိပါဝနစ်က သတင်းထောက်တွေကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက ပန်းရောင် ရွှေ့ပြောင်းအလုပ်သမားကတ် (ထိုင်းနိုင်ငံသား မဟုတ်သူများ)  ကိုင်ဆောင်ထားသူတွေအနေနဲ့ အဖြူရောင် ဆယ်နှစ်ခံတောင်ပေါ်သားကတ်  (မှတ်ပုံတင်စာရင်း မရှိသူများ) အဖြစ်ကို ဝန်ဆောင်ခပေးပြီး ပြောင်းလဲနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမား အသိုက်အဝန်းကြား သတင်းတွေ ပျံ့နှံ့ခဲ့ပါတယ်။ 

ရွှေ့ပြောင်းအလုပ်သမားကတ် (ပန်းရောင်) ကိုင်ဆောင်ပါက နှစ်စဉ် ဗီဇာကြေးနဲ့ အလုပ်သမား ကတ်ကြေး များစွာကုန်ကျပြီး  အလုပ်လုပ်ခွင့်မှာလည်း ကန့်သတ်ထားတဲ့ကာလအတိုင်းသာ လုပ်ရတယ်။

အဖြူရောင် တောင်ပေါ်သားကတ် ကိုင်ဆောင်ပါက ကန့်သတ်ချက်သိပ်မများတဲ့အပြင် ထိုင်းနိုင်ငံသားအဖြစ်လည်း လျှောက်ထားခွင့်ရှိတာကြောင့် ရွှေ့ပြောင်းလုပ်သားတချို့က ကတ် အမျိုးအစားပြောင်းလဲဖို့ စိတ်ဝင်စားကြတာပါ။ (ဥပဒေအရတော့ ပြောင်းလဲခွင့်မရှိပါဘူး။) 

ကတ်အမျိုးအစားပြောင်းလဲလိုပါက ချင်းမိုင်ခရိုင် ဆန်ကမ်ဖဲန်းမြို့နယ် မဲ့ပူးခါးရပ်ကွက်ရှိ ဥပဒေ ရေးရာ အကြံပေးအဖွဲ့ထံ ဆက်သွယ်နိုင်ကြောင်း ပွဲစားတွေက ပြောခဲ့တယ်၊ သူတို့ရဲ့ မူလ အလုပ်သမားကတ်စာရင်းကို မှတ်ပုံတင်ဌာနမှာ အရင်ဖျက်သိမ်းရမှာဖြစ်ပြီး အဖြူရောင်တောင်ပေါ် သားကတ်အသစ် ပြန်ရိုက်ရမှာ ဖြစ်ပါတယ်။ 

ဝန်ဆောင်ခမှာ အနည်းဆုံး ဘတ် ၂၅,၀၀၀ မှ ၆၀,၀၀၀ ထိပေးရပြီး  ဘတ် ၁၀၀,၀၀၀ ထိ ကုန်ကျသူလည်း ရှိတယ်။

ဥပဒေရေးရာရုံးခန်းက အလုပ်သမားတွေရဲ့  ကိုယ်ရေးရာဇဝင်အထောက်အထားတွေကို ကောက်ခံပြီး ကိုယ်စားလှယ်က မဲ့လိမ်း၊ ဒွိုင်စကစ်၊ ဆန်ဆိုင်း၊ ဆန်ကမ်ဖဲန်း၊ ချင်းမိုင် စတဲ့မြို့နယ်ရုံး မှတ်ပုံတင်ဌာနကို ခေါ်သွားခဲ့တယ်၊ အဲဒီမှာ ကိုယ်ရေးရာဇဝင်ဖြည့်တာ၊ လက်ဗွေနှိပ်တာတွေ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ လအတော်ကြာသည်ထိ အဖြူရောင်ကတ် မရရှိဘဲ ပွဲစားကို ဆက်သွယ်ရာမှာ အထောက်အထားမပြည့်စုံသေးကြောင်း၊ လက်မှတ်ထိုးပေးမဲ့ တာဝန်ရှိသူ ခရီးထွက်နေကြောင်း စသဖြင့် ဆင်ခြေအမျိုးမျိုးပေးပြီး ‌ရှောင်လွဲခဲ့တယ်၊ နောက်ဆုံး အလုပ်သမားတွေက ကတ်မပြောင်းတော့ဘဲ ငွေပြန်တောင်းရာမှာ ပွဲစားတွေက အဆက်အသွယ်ဖြတ်ပြီး ဥပဒေရေးရာ အကြံပေးရုံးခန်းလည်း ပိတ်သွားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အလုပ်သမားတွေက မိမိ အလိမ်ခံရတာ သေချာမှန်းသိသွားပြီး သက်ဆိုင်ရာကို သွားရောက်တိုင်တန်းခဲ့ကြောင်း၊ အဓိကမှာ  မိမိတို့ပေးထားတဲ့ငွေတွေ အကုန်ပြန်ရဖို့၊ အဆိုပါလူလိမ်တွေဟာ တခြားသူတွေကို ဆက်ပြီးလိမ်လည်ခြင်းမပြုနိုင်အောင် တားဆီးပေးဖို့၊ ဘဝတူအလုပ်သမားတွေအနေနဲ့ လူလိမ်တွေကို သတိထားဖို့ လာရောက်တိုင်ကြားရခြင်းဖြစ်တယ်လို့ ပြောပါတယ်။ 

ဒီကိစ္စဟာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ငွေတွေ ဆုံးရှုံးရုံတင်မကဘဲ အစိုးရဌာနဆိုင်ရာကိုလည်း နာမည်ပျက်စေကြောင်း၊ ဒါကြောင့် ထိရောက်စွာ စုံစမ်းအ‌ရေးယူ အပြစ်ပေးနိုင်ဖို့ ချင်းမိုင်ခရိုင် အထူးမှုခင်းစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ (DSI)  ထံ ဆက်လက်တိုင်ကြားသွားမှာဖြစ်ကြောင်း မှတ်ပုံတင်ဌာန  ညွှန်ကြားရေးမှူးက ပြောသွားပါတယ်။ 

Source- Chiang Mai News 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013