DVB Logo
Home
Lead Story
ကချင် လက်နက်ကိုင်ခုခံတွန်းလှန်မှု 
DVB
·
July 30, 2024
ကချင် လက်နက်ကိုင်ခုခံတွန်းလှန်မှု 
Donate to DVB

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ဒေသအတွင်း လက်နက်ကိုင် ခုခံတွန်းလှန်မှု နောက်ဆုံးရအခြေအနေ

မြန်မာနိုင်ငံမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) လို့ခေါ်တဲ့ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ လက်နက်ကိုင် ခုခံတွန်းလှန်မှုဟာ ၃ နှစ်ကျော်ကြာ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့မျိုးစုံဟာ စစ်ကောင်စီကို ဖြုတ်ချနိုင်ဖို့အတွက် နိုင်ငံရဲ့နေရာဒေသ အနှံ့အပြားမှာ တိုက်ပွဲတွေ ဖော်ဆောင်နေကြသလို တချိန်တည်းမှာပဲ နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ကချင်ပြည်နယ်မှာ စစ်အာဏာရှင် ကျဆုံးရေး တိုက်ပွဲကို  ဦးဆောင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းကတော့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဖြစ်ပါတယ်။

KIA သမိုင်းအကျဉ်းချုပ်

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ၁၉၆၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ကချင်တိုင်းရင်းသား ပြည်သူတွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တခုကို ထူထောင်နိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၃၀ ကျော် ကြာပြီးတဲ့ နောက်မှာတော့ KIA နဲ့ သူ့ရဲ့ နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) တို့ဟာ ကချင်ပြည်နယ်အရှေ့ပိုင်း နေရာအတော်များများကို ထိန်းချုပ်နိုင်ခဲ့ပြီး လိုင်ဇာမြို့ကို အုပ်ချုပ်ရေးမြို့တော်အဖြစ် ထူထောင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၄ ခုနှစ်မှာ KIA/KIO ဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) လို့ ခေါ်တဲ့ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ် အရောက်မှာတော့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (SPDC) လို့ခေါ်တဲ့ အမည်ပြောင်း စစ်အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အားလုံးအတွက် ရာဇသံတရပ်ကို ထုတ်ပြန်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲတွေ အနေနဲ့ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရေးကို လက်ခံဖို့နဲ့ လက်မခံပါက လက်နက်ကိုင်ပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားမှုနဲ့ ရင်ဆိုင်ရမယ်ဆိုတဲ့ အချက်တွေ ပါရှိပါတယ်။ KIA/KIO ကတော့ အဲဒီကြေညာချက်ကို ငြင်းပယ်ခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဇွန်လမှာ SPDC နဲ့ အပစ်အခတ်ရပ်စဲမှု အဆုံးသတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ၁၀ နှစ်ကျော်ကြာကာလအထိ KIA နဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေ ရံဖန်ရံခါ ဖြစ်ပွားခဲ့ပါတယ်။

နအဖစစ်အစိုးရ ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကို အခြေခံပြီး အရပ်သားတပိုင်း စစ်အစိုးရသစ်ကို ၂၀၁၁ ခုနှစ်၊ ဧပြီလမှာ ဖွဲ့စည်းခဲ့ကာ နအဖဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ ဦးသိန်းစိန်က သမ္မတအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အကြား သမ္မတဦးသိန်းစိန်ဟာ KIA နဲ့ တခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့အတူ နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေရရှိရေး ဆွေးနွေးညှိနှိုင်းမှုတွေ ကြိုးပမ်းလုပ်ဆောင်ခဲ့ပေမဲ့ မြန်မာစစ်တပ်ရဲ့ ခေါင်းမာမှုကြောင့် ကြိုးပမ်းမှုတွေဟာ မအောင်မမြင် ဖြစ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှာ သမ္မတ ဦးသိန်းစိန်ဟာ KIA နဲ့အတူ တဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပြီး စစ်တပ်ဘက်ကတော့ အပစ်အခတ် ရပ်စဲရေးကို လိုက်နာခြင်း မရှိခဲ့ပါဘူး။  အဲဒီနောက် ၂၀၁၃ ခုနှစ်၊ မေလမှာလည်း သမ္မတ ဦးသိန်းစိန်ဟာ KIA နဲ့ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပေမဲ့ ၂၀၁၄ ခုနှစ်၊ ဧပြီလမှာ စစ်တပ်က KIA ကို တကျော့ပြန် တိုက်ခိုက်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ KIA ဟာ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (အာရက္ခတပ်တော်) (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့နဲ့အတူ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ KIA ဟာ မိတ်ဖက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တပ်ဖွဲ့ဝင်တွေအတွက်လည်း စစ်သင်တန်းတွေ အဆက်မပြတ် ပို့ချပေးခဲ့ပြီး တရုတ်နိုင်ငံထံမှ ထိရောက်တဲ့ စစ်ဘက်ရေးရာ အကူအညီ အထောက်အပံ့လည်း လက်ခံရရှိခဲ့ပါတယ်။

၂၀၂၁ အာဏာသိမ်းမှုအပေါ် KIA ၏ တုံ့ပြန်မှု

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ အရပ်သားတပိုင်း စစ်အစိုးရအဖွဲ့မှ အရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်တပ်က တကျော့ပြန် အာဏာသိမ်းခဲ့ပါတယ်။ ကနဦး အစမှာတော့ KIA/KIO ဟာ အာဏာသိမ်းမှုနဲ့ပတ်သက်လို့ ကြားနေခဲ့ကြနေပေမဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်သူတွေကို စစ်တပ်က အကြမ်းဖက် ဖြိုခွင်းမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါတယ်။ အစောပိုင်းမှာ KIA/ KIO ရဲ့ အာဏာသိမ်းမှုအပေါ် ကြားနေဝါဒ ကျင့်သုံးခဲ့မှုဟာ မြန်မာစစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကြား နိုင်ငံရေးဆိုင်ရာ ဂိုဏ်းကွဲမှုရဲ့  အကျိုးဆက်ဖြစ်တယ်လို့ ကနဦး သုံးသပ်ခဲ့ကြဟန် ရှိတဲ့အပြင် KIA/KIO ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ တရားဝင်မှုကို ဘယ်တုန်းကမှ လက်မခံခဲ့တာကြောင့် အရပ်သားတပိုင်း စစ်အစိုးရအဖွဲ့အကြား အာဏာလွန်ဆွဲမှုနဲ့ ပတ်သက်လို့ စိုးရိမ်မှု မရှိခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ မတ်လမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ KIA အခြေစိုက်စခန်းတွေကို စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် KIA နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် တနှစ်ပတ်လုံး ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ အခါအားလျော်စွာ ဆက်လက်ဖြစ်ပွားခဲ့ပြီး အဲဒီနှစ်အကုန်မှာတော့ KIA/KIOဟာ  စစ်ကောင်စီဖြုတ်ချရေးမှာ အပြည့်အဝ ပါဝင်လာခဲ့ကာ အာရက္ခတပ်တော် (AA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီတပ်မတော်၊ ကရင်အမျိုးသားသမဂ္ဂ၊ ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်တဲ့ PDF တပ်ဖွဲ့များစွာ အပါအဝင် အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်ကျော်ကာလအတွင်း KIA ဟာ သူ့ရဲ့ စစ်ရေးမဟာဗျူဟာကို အပြန်အလှန် ဆက်နွှယ်နေတဲ့ ဦးတည်ချက် ၅ ရပ်အပေါ် အဓိက အာရုံစိုက် ဆောင်ရွက်ခဲ့ပါတယ်။ ပထမဆုံးအချက်အနေနဲ့ KIA ဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်ကြား စစ်တပ်ထံ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ သူ့ရဲ့ နယ်မြေတွေနဲ့ အခြေစိုက်စခန်းတွေကို ပြန်လည် ထိန်းချုပ်နိုင်ရေး လုပ်ဆောင်ခဲ့ပါတယ်။ ဒုတိယအနေနဲ့ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်တလျှောက်ရှိ မြို့တွေအပါအဝင် ထိန်းချုပ်ဧရိယာနယ်မြေကို ချဲ့ထွင်နိုင်အောင် လုပ်ဆောင်ခဲ့ပြီး တတိယအနေနဲ့ ကချင်ပြည်နယ်အတွင်းရှိ အဓိကကျတဲ့ သတ္တုတူးဖော်ရေး ဧရိယာတွေကို သိမ်းပိုက်နိုင်ရေး ကြိုးပမ်းခဲ့ပါတယ်။ စတုတ္ထအချက်အနေနဲ့ ကချင်ပြည်နယ်ရဲ့ အဓိကလမ်းမကြီးတွေကို စိုးမိုးနိုင်ရေးနဲ့ နောက်ဆုံး ပဉ္စမမြောက်အချက်မှာတော့ အခြေအနေပေး ပေးသလို စစ်ကောင်စီလက်အောက်ခံ တပ်တွေကို ကချင်ပြည်နယ်ကနေ မောင်းထုတ်နိုင်ရေး စတဲ့ ဦးတည်ချက်တွေကို ဖော်ဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်ကျော်ကာလ စစ်ရေးပဋိပက္ခတွေမှာ နှစ်ဦးနှစ်ဖက်စလုံး ဆုံးရှုံးမှုတွေ ရှိခဲ့သလို အောင်မြင်မှုတွေလည်း ရှိခဲ့ပါတယ်။ အခု ၂၀၂၄ ခုနှစ်မှာတော့ KIA ဟာ အောင်နိုင်သူဖြစ်ခဲ့ပြီး မတ်လနဲ့ ဧပြီလ နှစ်လတာ ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီစခန်းပေါင်း ၇၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဇွန်လ ၁၁ ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ စစ်အခြေစိုက်စခန်း ၅ ခုကို သီးခြားစီ သိမ်းပိုက်ရရှိခဲ့သလို ဇွန်လ ၁၄ ရက်နေ့မှာလည်း နောက်ဆုံးကျန်ရှိနေတဲ့ တရုတ်နိုင်ငံသို့သွားရာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို KIA က ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

အနာဂတ်အလားအလာများ

KIA တပ်ဖွဲ့တွေဟာ ကချင်ပြည်နယ်ရှိ စစ်ကောင်စီလက်အောက်ခံတပ်တွေကို အောင်မြင်စွာ မောင်းထုတ်နေခိုက်မှာ KIA/KIO အနေနဲ့ နောက်ထပ် ဘယ်လိုလုပ်ဆောင်ချက်တွေ ဆက်လုပ်သွားမယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ KIA/KIO ဟာ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တို့ရှိ သမိုင်းကြောင်းအရ ကချင်နယ်မြေဖြစ်ခဲ့ဖူးတဲ့‌ ဒေသတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းကောင်း ကြိုးပမ်းနိုင်သလို အလားတူဖြစ်ရပ်မျိုး သဘောဆောင်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့တွေနဲ့ ပွတ်တိုက်မှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။

နောက်ထပ် ဖြစ်နိုင်ခြေတခုကတော့ KIA ဟာ စစ်ကောင်စီဖြုတ်ချရေး ပူးတွဲလှုပ်ရှားမှုရဲ့ တစိတ်တပိုင်းအနေနဲ့ မန္တလေးကို ဖိအားပေးလာနိုင်ပါတယ်။ ချင်းပြည်နယ်မှ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း မန္တလေးတိုင်းအနောက်ဘက်ရှိ မကွေးတိုင်းဆီသို့ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ ၃ ဖွဲ့ကလည်း အရှေ့ဘက်ဆီကနေ မန္တလေးဆီသို့ တဖြည်းဖြည်း ဦးတည်နေပြီ ဖြစ်ပါတယ်။ AA၊ ချင်းညီနောင်အဖွဲ့၊ CNF၊ KIA၊ MNDAA၊ TNLA နဲ့ မိတ်ဖက် PDF တပ်ဖွဲ့တွေ စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေ အနာဂတ်မှာ တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်မယ်ဆိုရင် မန္တလေးမြို့ကို ထိန်းချုပ် သိမ်းပိုက် ရရှိနိုင်ရုံတင်မက စစ်ကောင်စီရဲ့ မြို့တော်ဖြစ်တဲ့ နေပြည်တော်ကိုပါ ခြိမ်းခြောက်လာနိုင်မှာ ဖြစ်ပါတယ်။

ဒါတင်မက အခြားဖြစ်နိုင်ခြေတခုလည်း ကျန်ရှိသေးပါတယ်။ အဲဒါကတော့ KIA/KIO ဟာ ကချင်ပြည်နယ်ကို ထိန်းချုပ်နိုင်ပြီးတဲ့နောက်ပိုင်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကချင်အစိုးရတရပ်ကို ထူထောင်ကာ ပြည်နယ်ကာကွယ်ဆိုင်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကိုပဲ အလေးထား လုပ်ဆောင်ကောင်း လုပ်ဆောင်သွားနိုင်ပါတယ်။ KIA/ KIO အနေနဲ့ ကချင်ပြည်သူတွေနဲ့အတူ သူတို့ရဲ့ ကိုယ်ပိုင်မျှော်လင့်ချက်တွေနဲ့ ရည်မှန်းချက်တွေကို ထင်ဟပ်စေတဲ့ ကိုယ်ပိုင်အစိုးရတရပ်ကို နှစ်ပေါင်း ၇၀ ကျော် ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဖန်တီးသွားနိုင်မယ့် အခွင့်အလမ်းတွေ ရှိလာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့ ဇာတိဒေသကို ထိန်းချုပ်ရရှိပြီးတဲ့နောက် ရရှိလာမယ့် ကြီးမားတဲ့ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေနဲ့အတူ ကိုယ့်ရဲ့ အတွင်းသဘော လိုအင်ဆန္ဒကိုပဲ ရှေ့တန်းတင်ကြမယ်ဆိုရင် ကချင်ပြည်သူတွေအတွက် လျော်ကန်မှာ မဟုတ်ကြောင်း …။

မိုက်ကယ်မာတင်

Ref: CSIS

(အမေရိကန်၊ ဝါရှင်တန်ဒီစီ အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဗဟိုဌာန (CSIS) ဝက်ဆိုက်မှာ    Michael Martin ရေးသားထားတဲ့  “Update on the Armed Resistance in Myanmar’s Kachin State” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013