
စစ်သင်္ဘောတွေနဲ့ လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းတာတွေ လုပ်ဆောင်ပြီးတဲ့ နောက်ပိုင်းက စလို့ ကချင်ပြည်နယ် ဗန်းမော်မြို့မှာ နေ့စဉ်ဆိုသလို တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။ စစ်မှုထမ်းတပ်သားတွေထဲ အသက်မပြည့်သေးတဲ့ လူငယ် ပစတွေ အများအပြား ပါဝင်နေလို့ စိုးရိမ်စရာ ဖြစ်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က ပြောပါတယ်။
ရွှေကူမြို့နယ်ဘက်မှာ အခုရက်ပိုင်း တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်လို့ တင်စားကြတဲ့ ဗန်းမော်မှာတော့ အခုသီတင်းပတ်ထဲ စစ်ရေးအခြေအနေတွေ ပြန်လည်တင်းမာလာပါတယ်။
အထူးသဖြင့် ဗန်းမော်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နဲ့ နမ့်ဖားကျေးရွာ ပတ်ဝန်းကျင်တွေမှာ စစ်အာဏာရှင်တပ်ဘက်က စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာပါ။
မြေပြင်တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး KPDF ရှေ့တန်းရဲဘော်တယောက်က “ကျနော်တို့ ဗန်းမော်က ထိုးစစ်မဆင်တာက တော်တော်လေးကို ကြာပြီ။ ဒီ မနှစ်က ဒီဇင်ဘာ ဆင်တာ နောက်ဆုံးပဲ။ အခု ဒီမှာ ၂၆ ရက်နေ့က ဘာဖြစ်သလဲဆိုတော့ ကျနော်တို့ ဗန်းမော် ကွန်ပျူတာတက္ကသိုလ်နဲ့ ဗန်းမော်မိန်းတက္ကသိုလ် ကြားထဲပေါ့နော်။ အဲဘက်တောလမ်းကနေ ပြီးတော့ စစ်သား (စစ်–) တွေ ၃၀ လောက် တက်လာတယ်၊ ၁၆ ရက်နေ့ မနက်ပိုင်းမှာ။ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက ခံချတဲ့ အခါကျတော့ လူကတော့ ၇ ယောက်လား ၈ ယောက်လား အတိအကျတော့ မသိဘူး၊ ကျနော်တို့ တပ်စိတ်တစိတ်စာလောက် ဖမ်းမိတယ်။ သေနတ် ၁၀ လက်ကျော်နဲ့ အလောင်း ၄ လောင်း ရတယ်။ ပြီးတော့ တော်တော်များများ ပိတ်မိနေတဲ့ အနေအထားမှာ ၂၆ ရက်နေ့ ည ၁၁ နာရီကျော်ကျော်လောက်မှာ တိုက်လေယာဉ် ၄ စီးနဲ့ ဗုံးပစ်ကြဲပြီးတော့ သူတို့ ဆုတ်လမ်းဖွင့်ရတဲ့သဘော အနေအထားတော့ ရှိတယ်” လို့ ပြောပါတယ်။
တော်လှန်ရေးတပ်တွေဘက်က ထိုးစစ်ဆင်တာမရှိလို့ စခန်းသိမ်းပိုက်ရရှိတာ မရှိခဲ့သလို အွန်လိုင်းတွေမှာ ပျံ့နှံ့နေတဲ့ သံချပ်ကာကားတွေကလည်း အရင် ၂၀၂၅ ခုနှစ်က သိမ်းပိုက်ရရှိခဲ့တာတွေလို့ KPDF ရဲဘော်က ပြောပါတယ်။
မြေပြင်မှာ အထိနာနေတဲ့ စစ်တပ်ဟာ ဗန်းမော်မကျစေရေး ဩဂုတ်နဲ့ စက်တင်ဘာလတွေမှာ မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေနဲ့ တပ်အင်အား ထပ်မံဖြည့်တင်းခဲ့တာ ဖြစ်ပါတယ်။
ဒီလို အင်အားဖြည့်တင်းပြီးနောက်ပိုင်း ဗန်းမော်မြို့ပတ်ဝန်းကျင်က ခလရ ၄၇ တပ်ရင်းဝန်းကျင်အပြင် ကုန်းမဟတ်၊ ဗန်းမော်သုသာန်ဘက်တွေမှာပါ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။
တိုက်ပွဲနဲ့ ရှေ့တန်းရောက် စစ်အာဏာရှင်တပ်သားတွေရဲ့ အခြေအနေကိုတော့ KIA သတင်းပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက “သူတို့ရဲ့ လှုပ်ရှားမှုကို နည်းနည်း သုံးသပ်ကြည့်မယ် ဆိုလို့ရှိရင်တော့ နေ့တိုင်းလို ဆက်တိုက်ဖြစ်ဖို့ ပိုများပါတယ်။ ဘယ်လောက်ထိ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နိုင်မယ် ဆိုတာကိုတော့ ခန့်မှန်းလို့တော့ မရဘူးပေါ့နော်။ ဒါပေမဲ့ တခုရှိတာကတော့ အဲဒီ စစ်အင်အားတွေ ထပ်ဖြည့်လာတဲ့ အဖွဲ့တွေမှာလည်း တော်တော်များများကတော့ ပစ တွေပေါ့။ အသက်မပြည့်တဲ့ ငယ်ငယ်လေးတွေပဲ ပိုများတာကို တွေ့ရပါတယ်။ အသက်ကတော့ ၁၆ နဲ့ ၁၇၊ ၁၈ အဲဒီမျိုးတွေပေါ့ ပိုများပါတယ်။ ဒါကြောင့် တိုက်ပွဲတွေ ဖြစ်လာလို့ရှိရင်လည်း အဲဒီကလေးတွေ အတွက်ကတော့ ပိုပြီးမှ စိုးရိမ်စရာ ဖြစ်နေပါတယ်။ အသက်က မပြည့်ဘဲနဲ့ တိုက်ပွဲဝင်ခိုင်းလို့ အသေအပျောက်တွေကတော့ ပိုပြီးမှ များနိုင်တယ်လို့ ကျနော့်အနေနဲ့ သုံးသပ်ပါတယ်” လို့ ပြောပါတယ်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင်သာမက ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ဘက်မှာလည်း စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။
လက်ရှိမှာတော့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ အနေနဲ့ ဗန်းမော်နဲ့ ရွှေကူနယ်မြေတွေမှာ မြို့သိမ်း၊ စခန်းသိမ်း ထိုးစစ်ဆင်တာမျိုး မလုပ်ဘဲ စစ်အာဏာရှင်တပ်ဘက်က စစ်ကြောင်းထိုးလာတာကိုပဲ ခံစစ်အနေအထားနဲ့ တန်ပြန် တိုက်ခိုက်နေတာလို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။










