
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နားက စစ်အာဏာရှင်တပ်ရဲ့ ဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဘက်က သိရပါတယ်။
စက်တင်ဘာ ၂၈ ရက် မနေ့မနက်ပိုင်းကနေ ညနေပိုင်းအထိ ရွှေမြင်တင် ဗျူဟာကုန်းကို KIA၊ KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်တာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာတော့ စစ်တပ်ဘက်က Y 12 လေယာဥ်နဲ့ ဗုံးလာကြဲနေတယ်လို့ သိရပါတယ်။
မြေပြင်တော်လှန်ရေးရဲဘော်တယောက်က “ခုကို လေယာဥ်ကြဲနေတာပါပဲ Y-12 နဲ့။ မိုးမိတ်နဲ့ မြစ်ဆုံ ကြားပဲ အခုကြဲနေတာ။ မိုးမိတ်-မိုးကုတ်လမ်းကိုတော့ ပိတ်ထားတယ်” လို့ DVB ကို ပြောပါတယ်။
စစ်တပ်ဟာ မနေ့ကလည်း ဂျက်တိုက်လေယာဉ်နဲ့ မိုးမိတ်မြို့နယ်၊ ညောင်နီကျေးရွာအနီးကို ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။
မိုးမိတ်မြို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ လမ်းဆုံဒေသမှာ တည်ရှိတာကြောင့် စစ်ရေးအရ လမ်းကြောင်းထိန်းချုပ်ဖို့ အလွန်အရေးပါတဲ့မြို့ ဖြစ်နေတာပါ။
မိုးမိတ်မြို့ပေါ်မှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းကလည်း KIA၊ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ဖူးပြီး မြို့တွင်းနေရာအများစုကို ရက်ပိုင်းအတော်ကြာ ထိန်းချုပ်နိုင်ခဲ့ပေမဲ့ စစ်တပ်ရဲ့ လေကြောင်းပစ်ကူနဲ့ အင်အားသုံး ပြန်လည်ထိုးစစ်ဆင်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ရတာ ဖြစ်ပါတယ်။
Photo : SL










