DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း မြို့ပေါင်း ၁၃ မြို့တွင် ရေကြီးရေလျှံ၊ လူပေါင်း ၅၀၀၀၀ ကျော် ရေဘေးသင့် 
DVB
·
July 29, 2024
နိုင်ငံတဝန်း မြို့ပေါင်း ၁၃ မြို့တွင် ရေကြီးရေလျှံ၊ လူပေါင်း ၅၀၀၀၀ ကျော် ရေဘေးသင့် 
Donate to DVB

မြန်မာနိုင်ငံ နေရာအနှံ့ မြို့ပေါင်း ၁၃ မြို့ထက်မနည်း ရေကြီးရေလျှံ ကြုံနေရပြီး၊ ရေဘေးရှောင်ပြည်သူ သောင်းချီရှိနေကာ စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေပါတယ်။

ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အပါအဝင် နေရာအနှံ့အပြားမှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မြို့ပေါင်း ၁၃ မြို့မှာ မြစ်ရေကြီးမှု ကြုံနေရတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင်လ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ဧရာဝတီမြစ်၊ စစ်တောင်းမြစ်၊ ပဲခူး၊ ရွှေကျင်၊ သံလွင်၊ သောင်ရင်း၊ ငဝန်၊ တိုး၊ ဘီးလင်းမြစ် စတဲ့ မြစ်တွေမှာ စိုးရိမ်ရေအမှတ်အထက် ရောက်ရှိနေပြီး၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်၊ မဒေါက်၊ ရွှေကျင်၊ ပဲခူး၊ ဘားအံ၊ မြဝတီ၊ ငါးသိုင်းချောင်း၊ သာပေါင်း၊ ပုသိမ်၊ မအူပင်၊ ဘီးလင်းမြို့တို့မှာ ရေဘေးအန္တရာယ် ကြုံနေရတာပါ။

ပဲခူးမြို့မှာတော့ ပဲခူးမြစ်ရေဟာ စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီတာကို ကျော်လွန်ပြီး ၁၀၁၀ စင်တီမီတာ အထိ ရောက်နေတာကြောင့် ဒေသခံပြည်သူတွေကို အရေးပေါ် ရွှေ့ပြောင်းပေးနေရတယ်လို့ ဆိုပါတယ်။

ပဲခူးမြို့ ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်နေသူတဦးက “အဓိကကတော့ ဒေသခံတွေအတွက် လိုအပ်တာက စားနပ်ရိက္ခာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ထပ် ၅ ရက်လောက်က တောင့်ခံရဦးမှာ ဖြစ်တဲ့အတွက် စားစရာတို့၊ ရေသန့်တို့ အဲဒါတွေ အဓိက လိုအပ်တယ်။ စိုးရိမ်ရလားဆိုရင် စိုးရိမ်ရေအမှတ်က ၈၈၀ ကျော် အခုလက်ရှိက ၁၀၀၀ ဖြစ်သွားတဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် စိုးရိမ်ရေအမှတ်ထက်ကို ၁၂၀ တက်သွားတယ်။ ၁၂၀ မှာ လက်ရှိအနေအထားအရ ညနေပိုင်းလောက်ဆို ထပ်တက်ဦးမှာလေ။ ရာသီဥတုက ဒီနေ့ဆို နေလေး နည်းနည်းမြင်ရတော့ လျော့များလျော့သွားမလား ထပ်ပြီး စောင့်ကြည့်နေပါတယ်။ အဓိက သောက်သုံးရေ လိုအပ်နေဆဲမို့ အကူညီပေးစေချင်ပါတယ်”လို့ ပြောပါတယ်။

ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် မြို့ပေါ် ရပ်ကွက်တွေအထိ ရေဝင်နစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင် ၂၉ ရက်အထိ အိမ်ထောင်စု ၃၇၀၀ ကျော်နဲ့ လူဦးရေ ၂၀၀၀၀ နီးပါး ယာယီ ရေဘေးရှောင်စခန်းတွေမှာ နေထိုင်နေရတယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

ပဲခူးတိုင်းအတွင်းရှိ စစ်ဘေးသင့်နေတဲ့ မုန်းမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် လူ ၁၀,၀၀၀ လောက် ရေဘေးဒုက္ခခံစားနေရကာ အကူအညီများစွာ လိုအပ်နေတယ်လို့ KNU မုန်းမြို့နယ်ပြောရေးဆိုခွင့်ရှိသူနဲ့ ကူညီပေးတဲ့သူတွေက ပြောပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းအတွင်းက ဇလွန်၊ ဟင်္သာတနဲ့ ဆိပ်သာမြို့တို့မှာလည်း ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်အထက် ရောက်ရှိနေပါတယ်။

ဧရာဝတီတိုင်းတွင်းမှာတော့ သာပေါင်း၊ ကြံခင်း၊ ဇလွန်၊ အင်္ဂပူ၊ ဟင်္သာတ၊ ပန်းတနော်၊ မအူပင်၊ ဓနုဖြူနဲ့ ညောင်တုန်းစတဲ့ မြို့နယ်တွေမှာ ရေဘေးသင့်နေတာပါ။

ဧရာဝတီတိုင်းဒေသခံတဦးက “ဌာနဆိုင်ရာတွေဘက်က ကူညီပေးတာ မရှိသေးပါဘူး။ တော်တော်များများကို ကူညီပေးတာ မရှိတာ။ ဘာဖြစ်လို့လဲဆိုတော့ ကြံခင်းဘက်၊ ဟင်္သာတဘက်မှာဆိုရင် ရေကြီးတာ တပတ်ကျော်ပြီ။ ဘာကူညီ ထောက်ပံ့ရေးမှ မလာသေးဘူး။ ကယ်ဆယ်ရေးမှာဆိုရင်လည်း မီးသတ်နဲ့ ကျနော်တို့ ဒေသခံတွေ ပေါင်းပြီး ရွှေ့ရတာပဲ ရှိတယ်။ ဘာကယ်ဆယ်ရေးမှ မလာသလို ထောက်ပံ့ရေးအတွက်လည်း ဘာဌာနဆိုင်ရာမှ ကူညီ ထောက်ပံ့တာ မရှိပါဘူး ခင်ဗျ။ ရေသန့်နဲ့ ဆေးဝါးတွေ၊ လောလောဆယ် လတ်တလော စားသောက်ဖို့ အစားအသောက်တွေ လိုအပ်တယ်။ အကုန်လုံး ရွှေ့ကြ ပြောင်းကြနဲ့ အားလုံးကို ပစ်ထားခဲ့ရတာပဲ”လို့ ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း သံလွင်မြစ်နဲ့ သောင်ရင်းမြစ်တို့ကလည်း စိုးရိမ်ရေအမှတ် အထက်မှာ ရှိနေပြီး ဘားအံနဲ့ မြဝတီမြို့တို့မှာ ရေကြီးရေလျှံမှုတွေ ကြုံနေရပါတယ်။ ဘားအံမြို့မှာ တောင်ကျရေနဲ့ သံလွင်မြစ်ရေ တက်လာတာကြောင့် ရပ်ကွက် ၉ ခုလုံး ရေဝင်ရောက်ပြီး  လူဦးရေ ၁၂,၀၀၀ ကျော်ဟာ ကယ်ဆယ်ရေးစခန်း ၁၂ ခုမှာ ခိုလှုံနေရတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

မွန်ပြည်နယ်မှာတော့ ဘီးလင်း၊ သထုံ၊ ရေး၊ မော်လမြိုင်နဲ့ ကျိုက်မရောမြို့နယ်တို့မှာ ရေကြီးနေပြီး သထုံနဲ့ ဘားအံသွားတဲ့ ကားလမ်းကိုလည်း ရေကြီးနေတာကြောင့် ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်ပြည်နယ် ဒေသခံတဦးက “ရေးမြို့နယ် ကျောင်းရွာမှာဆို တရွာလုံးနီးပါး ရေမြှုပ်နေတယ်။ အားလုံးပေါင်း ရေအမြင့်က ၁၅ ပေလောက် တက်နေပြီး တရွာလုံး ရေဘေးရှောင်နေရတယ်။ အကူညီတွေလည်း တော်တော် လိုအပ်နေတယ်။ ဘီလင်းမှာတော့ ရေနည်းနည်း ကျပေမဲ့ ရေဘေးရှောင်စခန်းမှာ လူ ၁၀၀၀ လောက် ရှိသေးတယ်။ သထုံဘက်မှာလည်း ရေဘေးသင့်တဲ့သူတွေ အများကြီးပဲ။ အခုက မြို့နယ်တခုလုံး၊ တပြည်နယ်လုံး၊ တနိုင်ငံလုံး ရေကြီးနေတော့ ကူညီပေးတဲ့သူက နည်းတယ်။ အခု ဆေးဝါးတွေလည်း ပြတ်နေတယ်” လို့ ပြောပါတယ်။

ရေဘေးရှောင် ပြည်သူတွေဟာ ရေဘေးလွတ်ရာ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ အားကစားခန်းမတွေမှာ နေထိုင်နေရပြီး၊ ရေကြီးတာ ရက်သတ္တပတ်နီးပါး ရှိပြီဖြစ်တဲ့အတွက် နေထိုင် စားသောက်ရေးနဲ့ ဆေးဝါး လိုအပ်ချက်တွေ ရှိနေတယ်လို့ ကူညီပေးသူတွေဆီက သိရပါတယ်။

ရေဘေးသင့် ဒေသတွေဖြစ်တဲ့  ဟင်္သာတ၊ ဇလွန်၊ ရွှေကျင်၊ ပဲခူး၊ ဘားအံ၊ သာပေါင်း၊ ပုသိမ်၊ မအူပင်၊ ဘီလင်း၊ ဆိပ်သာ၊ မဒေါက်မြို့နဲ့ ငါးသိုင်းချောင်းမြို့တို့အတွင်း မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေ သတိပြုကြဖို့ မိုးဇလက သတိပေး ထုတ်ပြန်ထားပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013