DVB Logo
Home
မြန်မာသတင်း
လောင်းလုံးတွင် ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်သား ၂ ဦး ပစ်သတ်ခံရ
DVB
·
July 29, 2024
လောင်းလုံးတွင် ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်သား ၂ ဦး ပစ်သတ်ခံရ
Donate to DVB

‌တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ဈေးဝယ်ထွက်လာတဲ့ စစ်သား ၂ ဦးကို ပစ်သတ်ခဲ့ပြီး လက်နက်ခဲယမ်းတွေ ရရှိခဲ့သလို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာမှာတော့ PDF ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင် ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

လောင်းလုံးမြို့နယ်ရှိ စစ်ကောင်စီအင်အား ၂၀ ကျော်ရှိတဲ့ ကျောက်နီကုန်း တာဝါတိုင်စခန်းကနေ ဇူလိုင် ၂၆ ရက် မနက် ၉ နာရီလောက်က ဈေးဝယ်ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၂ ဦးကို တော်လှန်ရေးပူပေါင်းတပ်တွေက ပစ်ခတ်ခဲ့တာကြောင့် နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ၂ ဦးထံက MA1 ၁ လက်၊ MA3 ၁ လက်၊ ကျည်ဘောက် ၂ ခုနဲ့ ကျည် ၄၁ တောင့် သိမ်းဆည်းရမိခဲ့ပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက “ကျောက်နီမော်ရွာမှာ ရန်သူ့တာဝါတိုင်စခန်းကနေ စစ်သား ၂ ဦး ဆင်းလာတဲ့အချိန် ကျနော်တို့ အသင့်စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တာပါ။ ၂ ဦးလုံး နေရာမှာပဲသေပြီး MA1 တလက်နဲ့ MA3 တလက် ရတယ်။ ကျနော်တို့က အဲ့စခန်းက ရန်သူရဲ့လှုပ်ရှားမှုကို အချိန်တိုင်း စောင့်ကြည့်နေခဲ့တာပါ။ အဲ့စခန်းမှာက အင်အား ၂၀ ကျော်ရှိသလို ရွာထဲမှာလည်း ပျူစောထီးစခန်းရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သား ၂ ဦး ပစ်သတ်ခံရပြီးနောက် ကျောက်နီမော်တာဝါတိုင်စခန်းကနေ လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ အနီးနား တောအုပ်ထဲနဲ့ ရွာတွေဘက်ကို ပစ်ခတ်ပေမဲ့ အရပ်သားပြည်သူ ထိခိုက်မှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပကဖ၊ လိပ်ပြာတပ်စု၊ တောသားလေးတပ်စု၊ ဂဠုန်တပ်စု နဲ့ ထားဝယ်ခရိုင်တပ်ရင်း ၁ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

ဇူလိုင် ၁၉ ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတို့မှာလည်း  လားဘုံးတောင် ရေဒါစခန်းနားနဲ့ ကြယ်တောင်မှာ လောင်းလုံးမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တဦး ကျဆုံးပြီး ရဲဘော်တဦးနဲံ အရပ်သားပြည်သူတဦး ဒဏ်ရာရရှိခဲ့ပေမဲ့ စစ်ကောင်စီ ထိခိုက်ကျဆုံးမှုကိုတော့ အတိအကျ မသိရသေးဘူးလို့ လောင်းလုံးပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ဒီထက်မက အလုပ်လုပ်နိုင်အောင် ဆက်ပြီး ကြိုးစားနေသလို ပြည်သူတွေအနေနဲ့ ဘေးကင်းဖို့အတွက် မပေါ့ဆကြဖို့နဲ့ စစ်ရေးအသိရှိကြဖို့ ‌လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013