DVB Logo
Home
မြန်မာသတင်း
မောင်တောနှင့် မင်းကင်းတွင် လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေ၊ ၉ ဦးဒဏ်ရာရ
DVB
·
July 29, 2024
မောင်တောနှင့် မင်းကင်းတွင် လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေ၊ ၉ ဦးဒဏ်ရာရ
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မောင်တောမြို့နယ်၊ အထက်ကံသာယာကျေးရွာကို ဇူလိုင် ၂၈ ရက် မွန်းလွဲ ၂ နာရီလောက်မှာ စစ်ကောင်စီရဲ့ နခခ ၅ နယ်ခြားစောင့်တပ်က လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာလို့ မောင်တောမြို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

အဲဒီလက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့လို့ အထက်ကံသာယာကျေးရွာက အသက် ၁၃ နှစ်အရွယ် မဝါဆိုမိုး၊ အသက် ၄၂ နှစ်အရွယ် ဒေါ်မသန်းစိန်၊ အသက် ၇၃ နှစ်အရွယ် ဒေါ်ညိုမ၊ အသက် ၄၇ နှစ်အရွယ် ဦးဘထွန်းအောင်နဲ့ အသက် ၆၆ နှစ်အရွယ် ဦးကျော်ဘန်းအောင်တို့မှာ လက်နက်ကြီးကျည်စထိမှန်ပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ကတော့ နီးစပ်ရာဆေးရုံတခုမှာ ဆေးဝါးကုသမှု ခံယူနေရပြီး ဦးဘထွန်းအောင်နဲ့ ဦးကျော်ဘန်းအောင်တို့ ၂ ယောက်ကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် မေ ၁၃ ရက်အထိ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ပြည်သူ ၂၆၈ ယောက် သေဆုံးကာ ၆၄၀ ဒဏ်ရာရရှိခဲ့တယ်လို့ ULA/AA ရဲ့ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က မေ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပျဉ်းကိုင်းရွာကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတဦး သေဆုံးပြီး ကလေး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မင်းကင်းအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဇူလိုင် ၂၈ ရက် ည ၈ နာရီမှာ ပျဉ်းကိုင်းရွာထဲကို ဂျက်တိုက်လေယာဉ်နဲ့ ၂၅၀ မမ ဗုံးသီး ၂ လုံး ကြဲချခဲ့တာကြောင့် ပျဉ်းကိုင်းရွာက အသက် ၃၅ နှစ်အရွယ် ကိုမျိုးမင်း ဆိုသူ ဦးခေါင်းထိမှန် သေဆုံးခဲ့ပြီး အသက် ၁၀ နှစ်နဲ့ ၁၆ နှစ်အကြား ကလေး ၄ ဦးလည်း ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

မင်းကင်းဒေသခံတဦးက “တိုက်ပွဲလည်းမရှိပါဘူး၊ ဒီတိုင်း ရွာထဲကို ဒဲ့ကြဲတာ၊ ဒီတကြိမ်နဲ့ဆို တတိယအကြိမ်ပေါ့၊ အမျိုးသားတယောက်ကတော့ ဦးခေါင်းပွင့်ပြီး ပွဲချင်းပြီး ဆုံးသွားတယ်။ ကျောင်းသားကလေး ၄ ယောက်လည်း လက်တွေ ခြေထောက်တွေ ဒဏ်ရာရတယ်၊ မစိုးရိမ်ရဘူး။ အိမ်တလုံးလည်း ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃ ရက်က မင်းကင်းမြို့နယ်၊ မတောကျေးရွာ မင်္ဂလာဆောင်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃၀ ကျော် သေဆုံးပြီး ဇွန် ၆ ရက်မှာ ပျဉ်းကိုင်းရွာကို ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ် ၂၀ ကျော် ပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013