DVB Logo
Home
မြန်မာသတင်း
မုံရွာ နမခကို PDF က ၄ မိုင်ပစ် လက်လုပ်ရော့ကတ်များဖြင့် စမ်းသပ်ပစ်ခတ်
DVB
·
July 28, 2024
မုံရွာ နမခကို PDF က ၄ မိုင်ပစ် လက်လုပ်ရော့ကတ်များဖြင့် စမ်းသပ်ပစ်ခတ်
Donate to DVB

မုံရွာ နမခကို PDF တွေက ၄ မိုင်ပစ် လက်လုပ်ရော့ကတ်တွေနဲ့ စမ်းသပ်ပစ်ခတ်ခဲ့တာကြောင့် တပ်တွင်းလျှပ်စစ်ဓာတ်အားပေးရုံ ထိခိုက်ပျက်စီးခဲ့ပါတယ်။ 

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (မုံရွာ) နမခ ကို ဒေသတွင်း PDF ပူးပေါင်းအဖွဲ့တွေက ဇူလိုင် ၂၆ ရက် ညပိုင်းမှာ ရော့ကတ် ၇ လုံးနဲ့ပစ်ခတ်ခဲ့ပြီး ဒရုန်းနဲ့ဗုံးသီးကြဲချခဲ့တာကြောင့် နမခထဲမှာ လျှပ်စစ်ဓာတ်အားပေးရုံ ထိခိုက်ပျက်စီးခဲ့တယ်လို့ PDF တွေက ပြောပါတယ်။ 

ဒီပစ်ခတ်မှုဟာ ၄ မိုင်ပစ် လက်လုပ်ရော့ကတ်တွေကို စမ်းသပ်တဲ့အနေနဲ့ နမခထဲကို ပစ်ခတ်ခဲ့တာဖြစ်ပြီး လိုအပ်ချက်တချို့ရှိနေတာကြောင့် ရည်ရွယ်ထားတဲ့ ပစ်မှတ်တွေကို တိုက်ရိုက်မထိမှန်ခဲ့ဘူးလို့ ပစ်ခတ်ရာမှာပါဝင်တဲ့ ချိုမိုင်မိုင် PDF အဖွဲ့တာဝန်ရှိသူ ကိုဗေဒါက ပြောပါတယ်။

“လျှပ်စစ်မီးတွေကိုထိတာ များတာလို့ ပြောတယ်၊ အတွင်းထဲတွေကို သိပ်မထိဘူးနဲ့ တူတယ်။ အဲ့ဒီလိုပဲ ကျနော်တို့ အတွင်းသတင်းအရကြားတာ မီးတွေဘာတွေ ပြတ်သွားလို့မို့လို့ ရပ်ကွက်ထဲ ပေးထားတဲ့ မီးတွေကနေတဆင့် ပြန်သွယ်ပြီးတော့ နမခအတွင်းထဲကို ပေးတာလို့တော့ ကြားတယ်။ ရော့ကတ် ၇ လုံး အစ်ကို။ အရင်တခါ အလယ်ကျွန်းစမ်းပြီးတော့မှ ကျနော်တို့ ဒီဘက်ကိုပြန်ပြီးတော့ စမ်းပစ် ပစ်ရင်းနဲ့မို့လို့ သူတို့တွေတဆင့် မြှင့်လာလို့မို့လို့ပါ။ ၄ မိုင်ပစ် လုပ်တာကို တချို့နောက် ပို့ရမ်းလေးတွေက လိုအပ်ချက်လေးတွေ နည်းနည်းလေးတော့ ရှိသေးတယ်။ နဂိုအချိုးကကျတော့ အဆင်ပြေတယ်ဗျာ တမိုင်ခွဲအချိုးက၊ အခုအချိုးကကျတော့ ကျနော်တို့က နောက်တွေရော ရှေ့ဝိတ်တွေရော အကုန်ပြန်ချိန်တဲ့အခါကျတော့ အချိုးအစားလေး မကျတာလေးတွေ ရှိသေးတယ်။ အဲဒါလေးတွေက ရွှေဘိုဘက်က တပ်ရင်းတွေနဲ့ နမခကို ပထမတသုတ် ပစ်ပြီးတုန်းက သွားတွေ့ပြီးတော့ တယောက်နဲ့တယောက် ပညာချင်း ဖလှယ်ကြသေးတယ်။ အဲဒါနေပြီးတော့မှ ကျနော်တို့လည်း ဒီဥစ္စာလေးကို ပြန်မွမ်းမံထားတဲ့ ပုံစံမျိုးပေါ့ အစ်ကိုရာ။"

မန္တလေးတိုင်းဘက်မှာ စစ်ရေးတင်းမာမှုတွေကြောင့် စစ်ကိုင်းတိုင်းဘက်မှာ စစ်ရေး ငြိမ်နေတယ်လို့ ထင်ရပေမယ့် PDF တွေဘက်က လိုအပ်တဲ့ စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်နေတာ တွေ့ရတယ်လို့ မုံရွာသပိတ်ဦးဆောင်ကော်မတီအဖွဲ့ဝင်တယောက်က ပြောပါတယ်။ 

မုံရွာ နမခ ကို လက်နက်ကြီးနဲ့ပစ်ခတ်ပြီးနောက်မှာ စစ်ကောင်စီက မုံရွာမြို့ပေါ်မှာ လုံခြုံရေး ပိုတင်းကျပ်ထားတယ်လို့ မုံရွာသပိတ်ဦးဆောင်ကော်မတီမှ ခန့်ဝေဖြိုးက ပြောပါတယ်။

“အခုလက်ရှိအခြေအနေကတော့ နမခနဲ့ အနီးနားပတ်ဝန်းကျင်ရွာတွေကို စစ်ကြောင်းတွေ ထိုးပြီးတော့ တချို့အိမ်တွေ ဘာတွေ ဝင်စစ်တာတွေရှိတယ်။ ပြီးတော့ မုံရွာမြို့ပေါ်မှာဆိုရင်လည်း ရပ်ကွက်တွေမှာ ညစဉ်ညတိုင်း ဧည့်စာရင်းအကြောင်းပြပြီးတော့ ဝင်ပြီးတော့ စစ်ဆေးတာတွေတော့ ရှိပါတယ်။ မြို့လုံခြုံရေးကလည်း အရင်ကထက်ပိုပြီးတော့ တင်းတင်းကျပ်ကျပ်နဲ့ စစ်ဆေးရေးဂိတ်တွေရယ် ပြီးကြတော့ အိမ်စီးကားတွေနဲ့လှည့်ပြီးတော့ လုပ်နေတာတွေတော့ တွေ့ရပါတယ်။”

မုံရွာနမခကို ၂၀၂၂ ဩဂုတ်လမှာ တကြိမ်၊ ၂၀၂၄ မတ်လမှာတကြိမ် PDF တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။ 

စစ်ကောင်စီက မုံရွာနမခကို အခြေစိုက်ပြီး လေကြောင်းပစ်ကူပေးတာ၊ ထောက်ပို့လုပ်ငန်း ဆောင်ရွက်တာတွေ ပြုလုပ်ခဲ့တာကြောင့် စစ်ကိုင်း-မကွေး ဒေသတွင်း PDF တွေက မုံရွာနမခကို ပြန်လည်ပစ်မှတ်ထား တိုက်ခိုက်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013